ဂျာမနီနိုင်ငံမြို့တော် ဘာလင်၌ လူပေါင်းများစွာသည် လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်မျိုးချစ်ဝါဒတို့ကို ဆန့်ကျင်သည့်အနေဖြင့် အောက်တိုဘာ ၁၃ ရက်တွင် ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။
ဖယ်ထုတ်မှုအစား ညီညွတ်ရေး- လွတ်လပ်ပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်းအတွက် ဟု ကြွေးကြော်ကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ဒုက္ခသည်ထောက်ခံသည့် အဖွဲ့များ၊ လိင်တူအခွင့့်အရေးအဖွဲ့များနှင့် မွတ်စလင်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းများစွာတို့က ချီတက်မှုကို ထောက်ခံခဲ့ကြသည်။ ယမန်နှစ် ဂျာမနီရွေးကောက်ပွဲ၌ ရွှေ့ပြောင်းများဝင်ရောက်မှုကို ဆန့်ကျင်သည့် ဂျာမနီအတွက် အခြားနည်းလမ်းပါတီ( အေအက်ဖ်ဒီ)သည် အမတ်နေရာအနည်းငယ်ရရှိခဲ့သည်။ နိုင်ငံအရှေ့ပိုင်း ချမ်နစ်၌ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်တွင် ရွှေ့ပြောင်းဆန့်ကျင်ရေးအကြမ်းဖက်မှုများကြောင့် အစွန်းရောက်မျိုးချစ်ဝါဒီများ ထကြွလာတော့မည်ဟု စိုးရိမ်မှုများရှိလာခဲ့သည်။
အောက်တိုဘာ ၁၃ ရက် ချီတက်မှုတွင် လူ ၂၄၀ဝ၀ဝ ကျော်ပါဝင်ခဲ့ကြောင်း စီစဉ်သူများက ပြောဆိုခဲ့သည်။ လူ ၄၀ဝ၀ဝ ခန့်သာ တက်ရောက်လိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်ကြောင်း #unteilbar ( အွန်တိုင်ဘာ သို့မဟုတ် မကွဲမပြား) လှုပ်ရှားမှု၏ပြောခွင့်ရှိသူ ထရီဇာ ဟာ့မန်းက ပြောဆိုခဲ့သည်။ နိုင်ငံတွင်းရှိ လူအများစုသည် သည်းခံမှုနှင့် ပွင့်လင်းမှုတို့ကို ထောက်ခံနေဆဲဖြစ်ကြောင်း ယခုချီတက်မှုက ပြသနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟိုင်ကို မာအက်စ်က ဖွန်ကာ သတင်းစာလုပ်ငန်းစုသို့ ပြောဆိုခဲ့သည်။
သို့သော် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်ပါတီ၏ဒေသဆိုင်ရာပါတီခွဲကမူ ဆန္ဒပြမှုကို ထောက်ခံခြင်းမပြုခဲ့ချေ။ ချီတက်မှုကိုထောက်ခံသူများတွင် သံသယဖြစ်စရာအဖွဲ့အစည်းများပါဝင်နေကြောင်း ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှတေဖန် အေဖာဇ်က ပြောဆိုခဲ့သည်။
ဂျာမနီနိုင်ငံ အရှေ့ပိုင်းတွင် အေအက်ဖ်ဒီပါတီကို ထောက်ခံသူများပြားလာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ချီတက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းတစ်ဦးက ဂျာမနီနိုင်ငံသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ပြီးနောက် ချမ်နစ်၌ သြဂုတ်တွင် အစွန်းရောက်မျိုးချစ်ဝါဒီများက ချီတက်ဆန္ဒပြခဲ့ကြသည်။

















