ပျောက်ဆုံးဂျာနယ်လစ်အရေးကြောင့် ဆော်ဒီကို လက်နက်ရောင်းချမှု ပယ်ဖျက်ရေး ထရမ့်ဝန်လေး

ပျောက်ဆုံးဂျာနယ်လစ်အရေးကြောင့် ဆော်ဒီကို လက်နက်ရောင်းချမှု ပယ်ဖျက်ရေး ထရမ့်ဝန်လေး

တူရကီရှိ ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ခဲ့ပြီး ပျောက်ဆုံးခဲ့သည့် ဆော်ဒီဂျာနယ်လစ်အရေးနှင့် ပတ်သက်၍ ဆော်ဒီကို အမေရိကန်လက်နက်ရောင်းချမှုပယ်ဖျက်ရန် တိုက်တွန်းမှုများကို သမ္မတထရမ့်က လက်မခံလိုဘဲ အမေရိကန်ကမရောင်းလျှင် ဆော်ဒီသည် ရုရှားထံမှလက်နက် ဝယ်ယူသွားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆော်ဒီလက်နက်ဝယ်ယူမှုအမှာသည် အမေရိကန်ကုမ္ပဏီများအတွက် ကြီးမားလှကြောင်း၊ ယင်းကိုပိတ်ပင်ပါက အမေရိကန်သည် ကိုယ့်ကိုယ်ကိုယ်အပြစ်ပေးသလိုဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အခြားအပြစ်ပေးသည့်နည်းလမ်းများရှိကြောင်း ထရမ့်က ပြောဆိုသည်။ ပျောက်ဆုံး ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှောဂီ၏မိသားစုနှင့် တွေ့ဆုံအားပေးမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ 
    ဆော်ဒီဘုရင့်မိသားစုကို ပြင်းထန်စွာဝေဖန်ခဲ့သူတစ်ဦးဖြစ်သည့် ခါရှောဂီသည် အောက်တိုဘာ ၂ ရက်က အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ ၄င်းသည် ဆော်ဒီအေးဂျင့်များ၏ စစ်ဆေး ညှင်းပန်းပြီး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း၊ ခါရှောဂီပတ်သွားသည့် အက်ပဲလ် လက်ပတ်နာရီမှတစ်ဆင့် အသံဖမ်းထားသည့် သက်သေအသံဖိုင်များရှိကြောင်း တူရကီမီဒီယာများက ရေးသားခဲ့ပြီး ဆော်ဒီကမူ အခြေအမြစ်မဲ့ ရေးသားချက်များဟု ပြောဆိုခဲ့သည်။ 
    အမေရိကန်နှင့်ဗြိတိန်တို့သည် ဆော်ဒီတွင်ကျင်းပမည့် နိုင်ငံတကာကွန်ဖရင့်တစ်ရပ်ကို သပိတ်မှောက်ရန် စဉ်းစားနေကြောင်း ဘီဘီစီသတင်းက ဖော်ပြခဲ့သည်။ ဆော်ဒီအာဏာပိုင်များအနေဖြင့် အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲ ခါရှောဂီကိစ္စ ဝင်ရောက်စုံစမ်းခွင့်ပြုရန် တောင်းဆိုမည်ဖြစ်ကြောင်း တူရကီထိပ်တန်းသံတမန်များက ထပ်မံကတိပြုခဲ့သည်။
    ဆော်ဒီတို့သည် ယခုအထိ ပူးပေါင်းဆောင်ရွက်မှုမရှိသေးကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မဲဗလက် ချာဗိုဆော့ဂူက အောက်တိုဘာ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။