ဗီယက်နမ်စစ်အတွင်းက ကမ္ဘောဒီးယားနယ်မြေအတွင်း ပျောက်ဆုံးခဲ့သည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများ ရှာဖွေမှုပြန်လည်စတင်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကသဘောတူလိုက်ကြောင်း ပြောဆိုခဲ့သည်။
ကာလကြာရှည်စီမံကိန်းဖြစ်သည့် ကန်စစ်သည်ရုပ်ကြွင်းရှာဖွေရေးသည် အမေရိကန်ပြည်ထောင်စုက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိများနှင့် မိသားစုဝင်များကို ပြည်ဝင်ခွင့်ပေးရန် ရပ်ဆိုင်းခဲ့ပြီးနောက် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်များကြောင်း အပြန်အလှန်ဆက်ဆံရေးများ သိသိသာသာ ယိုယွင်းခဲ့သည်။
အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန် အထက်လွှတ်တော်အမတ် ဒေါက်အဲရစ်ဆန်နှင့် ဗင်းဆန့်ဘိုင်းစ်တို့ထံ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၄င်းနိုင်ငံ၏ ဆောင်ရွက်ဆဲ လူမှုစီးပွားနှင့် ဒီမိုကရက်တစ်နည်းကျ တိုးတက်မှုများကို နားလည်ပေးသည့်အတွက် အသိအမှတ်ပြုကြောင်း၊ ယင်းအတွက် တူညီသည့်စိတ်ထားဖြင့် ပိတ်ဆို့မှုကို ပယ်ရှားရန် ဆုံးဖြတ်လိုက်ကြောင်း၊ ဗီဇာပိတ်ဆို့မှု ကျန်ရှိနေသော်ငြားလည်း ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည့် စာတစ်စောင်ပေးပို့ခဲ့သည်။
အတိုက်အခံအားလုံးကို ဖိနှိပ်ထားပြီ လွန်ခဲ့သည့်ဇူလိ်ုင်တွင်ကျင်းပခဲ့ကာ အတုအယောင်ဟု အများက သတ်မှတ်ကြသည့် ကမ္ဘောဒီးယားရွေးကောက်ပွဲကြောင့် ဟွန်ဆန်နှင့် ၄င်း၏လက်ရုံးများသည် အနောက်တိုင်းနိုင်ငံများ၏ အပြင်းအထန်ဖိအားပေးခြင်း ခံနေရသည်။ ယခုလအစောပိုင်းက ဥရောပသမဂ္ဂသည် ကမ္ဘောဒီးယားကို ပေးထားသည့် ကုန်သွယ်မှုအထူးအခွင့်အလမ်းများ ပယ်ဖျက်ရေးစတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ရာ ကမ္ဘောဒီးယား၏အဓိကကျသည့် အထည်ချုပ်လုပ်ငန်း ဆိုးရွားစွာအထိလာနိုင်သည်။
ဗီယက်နမ်နှင့်အိမ်နီးချင်းဖြစ်သည့် ကမ္ဘောဒီးယားသို့ ဗီယက်နမ်စစ်အတွင်းက အမေရိကန် ကြည်းတပ်စစ်သည်အချို့ ရောက်ရှိခဲ့သလို ဗုံးကြဲလေယာဉ်များ ပြုပြင်ထိန်းသိမ်းရန် လေယာဉ်ကွင်းများလည်း တည်ရှိခဲ့ဖူးသည်။ ကမ္ဘောဒီးယား၌ အမေရိကန်စစ်သည် ၄၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ကြေညာထားသည်။

















