ဂျပန်၌ စစ်တပ်၏ အခန်းကဏ္ဍကို တိုးမြှင့်အသိအမှတ်ပြုရန် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး ဝန်ကြီးချုပ်အာဘေး ကြိုးပမ်း

ဂျပန်၌ စစ်တပ်၏ အခန်းကဏ္ဍကို တိုးမြှင့်အသိအမှတ်ပြုရန် ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး ဝန်ကြီးချုပ်အာဘေး ကြိုးပမ်း

စစ်တပ်၏ အခန်းကဏ္ဍကို တိုးမြှင့်အသိအမှတ်ပြုနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အချို့ကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အောက်တိုဘာ ၁၄ ရက်တွင် ထပ်လောင်းအတည်ပြု ပြောကြားလိုက်သည်။

ဂျပန်တပ်ဖွဲ့ဝင်များ စစ်သည်ဘဝကို ဂုဏ်ယူစွာ ထမ်းဆောင်နိုင်စေရန်အတွက် စစ်တပ်၏ အခန်းကဏ္ဍကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုးမြှင့်ပေးရန်လိုသည်ဟု ဝန်ကြီးချုပ် အာဘေးက စစ်သည် ၄၀ဝ၀ ခန့် ပါဝင်သော စစ်ရေးပြအခမ်းအနားတွင် ပြောသည်။ အခမ်းအနားတွင် တင့်ကား ၂၆၀နှင့် အခြား စစ်ဘက်သုံးယာဉ် အမျိုးမျိုးပါဝင်သလို၊ တိုက်လေယာဉ် ၄၀ ခန့်လည်း ပါဝင်ခဲ့သည်။ 
    မစ္စတာ အာဘေးသည် ပြီးခဲ့သည့်လက အာဏာရပါတီ ခေါင်းဆောင်အဖြစ် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဝန်ကြီးချုပ်သက်တမ်း သုံးနှစ်ခန့် ကျန်ရှိသေးကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ယခင်ကတည်းက ကြွေးကြော်ထားမှုကို အသက်သွင်းနိုင်ရေး အားထုတ်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမေရိကန်က ဦးဆောင်ရေးဆွဲပေးခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဂျပန်တို့ကို နှိမ်ရာရောက်နေသည်ဟု ကွန်ဆာဗေးတစ် ဂျပန်နိုင်ငံရေးသမားများက ခံယူထားကြသည်။ ဂျပန်ကာကွယ်ရေးတပ်ကို ၁၉၅၄ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်အင်အားသုံးစွဲခြင်း မပြုရဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ ဖြင့် ကန့်သတ်ထားသည်။ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ဂျပန်စစ်တပ်၏ နိုင်ငံတကာ အခန်းကဏ္ဍကို အစဉ်တစိုက် မြှင့်တင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဂျပန် ကာကွယ်ရေးတပ်အနေဖြင့် အမေရိကန်နှင့် မဟာမိတ်များကို ပြင်ပ အင်အားစုများက ထိပါးလာပါက ခုခံကာကွယ်ပေးပိုင်ခွင့်ရှိသည်ဟု ကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့သည်။ မိမိနိုင်ငံ မိမိ ကာကွယ်ရေးမှသည် မဟာမိတ်များကိုပါ ကာကွယ်ရေးသို့ အခန်းကဏ္ဍ တိုးချဲ့ခဲ့သည်ကို တွေ့ရသည်။ 
    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် လွှတ်တော်နှစ်ရပ်လုံးတွင် မဲ သုံးပုံ နှစ်ပုံအထက် ရရှိရန် လိုသည်။