ပိုလန်၌ လိင်တူအခွင့်အရေးချီတက်ပွဲကို တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းသူ လက်ယာစွန်းဝါဒီများအား ရဲတပ်ဖွဲ့ လူစုခွဲ

ပိုလန်၌ လိင်တူအခွင့်အရေးချီတက်ပွဲကို တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းသူ လက်ယာစွန်းဝါဒီများအား ရဲတပ်ဖွဲ့ လူစုခွဲ

ပိုလန်နိုင်ငံ အရှေ့ပိုင်း လူဘလင်မြို့၌ အောက်တိုဘာ ၁၂ ရက်တွင် လိင်တူအခွင့်အရေးချီတက်ပွဲပြုလုပ်နေခြင်းကို ကဖျက်ယဖျက်လုပ်ရန် ကြိုးပမ်းသည့် လက်ယာစွန်းဝါဒီများအား ပိုလန်ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များသုံးကာ တားဆီးခဲ့ရသည်။

သက်တံရောင်အလံများနှင့် ကတ်ပြားများကိုကိ်ုင်ဆောင်ထားသည့် ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းအခွင့်အရေးလှုပ်ရှားသူ ၁၀ဝ၀ ကျော်တို့သည် လူဘလင်၌ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ လက်ယာဝါဒီ ၃၀ဝ ခန့်ကလည်း လိင်တူအရေးချီတက်သူများကို လမ်းမှပိတ်ဆို့ပြီး တားဆီးခဲ့ကြသည်။ ယင်းကြောင့် ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးများ၊ အမြင်အာရုံရုတ်တရက်ထွေပြားသွားစေနိုင်သည့် စတန်းဗုံးများနှင့် မီးသတ်ပိုက်များကိုသုံးကာ လက်ယာဝါဒီများကို လူစုခွဲခဲ့ရသည်။
    လက်ယာဝါဒီ ချီတက်သူများကလည်း ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ခတ်ပြီး လူစုခွဲခဲ့သည်။ သို့သော် အုပ်စုတချို့သည် လိင်တူအခွင့်အရေးချီတက်သူများကို ကာကွယ်ပေးထားသည့် အတားအဆီးများကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အရောင်စုံချီတက်ပွဲကို အနှောက်အယှက်မရှိဘဲ ဆက်လက်ပြုလုပ်နိုင်ခဲ့သည်။
    လိင်တူချီတက်ပွဲပြုလုပ်ခြင်းကြောင့် လုံခြုံရေးထိခိုက်မှုများရှိလာနိုင်ကြောင်း လူဘလင်မြို့တော်ဝန် ကာဇင်တော့ဖ် ဇက်ခ်က ဆုံးဖြတ်ခဲ့ခြင်းကို အယူခံတရားရုံးက အောက်တိုဘာ ၁၂ ရက်တွင် ပယ်ဖျက်ပြီး ချီတက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ 
    မြို့တော် ဝါဆောနှင့် အခြားမြို့များတွင် လိင်တူအခွင့်အရေးချီတက်ပွဲများကို ပြုလုပ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် အာဏာရ ကွန်ဆာဗေးတစ်ပါတီသည် လိင်တူအခွင့်အရေးအုပ်စုများကို ထောက်ခံခြင်းမပြုခဲ့ချေ။