ကက်သလစ်ဘုရားကျောင်းတော်ရင်ဆိုင်နေရသည့် လိင်ပိုင်းအနိုင်ကျင့်မှု အကျပ်အတည်းကို တုံ့ပြန်နေကြောင်း ပြသသည့်အနေဖြင့် အရွယ်မရောက်သေးသူများကို လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် ချီလီဂိ်ုဏ်းအုပ်ဘုန်းကြီးနှစ်ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာ ၁၃ ရက်တွင် လူထွက်စေခဲ့သည်။
ဂိုဏ်းအုပ်ဘုန်းကြီးဟောင်းများဖြစ်သည့် ဖရန်စစ္စကို ဟိုဆေး ကော့စ် ဟူနီးယပ်စ်နှင့် မာကို အန်ထော်နီယို အော်ဒဲနက်စ် ဖာနန်ဒက်ဇ်တို့အား လူထွက်စေခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းအုပ်ဘုန်းကြီးနှစ်ပါးက အရွယ်မရောက်သေးသူများအား လိင်ပိုင်းအနိုင်ကျင့်မှု အထောက်အထားခိုင်လုံလွန်းသောကြောင့် ခရစ်ယာန်သာသနာအရ ကြားနာစစ်ဆေးရန်ပင်မလိုအပ်တော့ကြောင်း ဗာတီကန်ကျောင်းတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုအချိန်တွင် အသက် ၈၇ နှစ်ရှိပြီဖြစ်ပြီး မှတ်ဉာဏ်ပျောက်ဆုံးသည့် ရောဂါခံစားနေရသော ကော့စ်သည် ချီလီရှိ ချီလန်၌ ဂိုဏ်းအုပ်ဘုန်းကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းနောက် ဒုတိယမြောက် စိန့်ဂျွန်ပေါ ပုပ်ရဟန်းမင်းကြီးဖြစ်စဉ်ကာလအတွင်း ဗာတီကန်ရှိ အုပ်ချုပ်ရေးအဖွဲ့ခွဲတစ်ခုဖြစ်သော မိသားစုဆိုင်ရာ ကောင်စီတွင် ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
အသက် ၅၃ နှစ်အရွယ် အော်ဒီနက်စ် ဖာနန်ဒက်ဇ်သည် ၂၀ဝ၆ ခုနှစ် အသက် ၄၂ နှစ်အရွယ်တွင် ချီလီမြောက်ပိုင်းရှိ အီကေကဲ၌ ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်လာခဲ့သည်။ ခြောက်နှစ်အကြာတွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် အငြိမ်းစားယူခဲ့သည်။ ယင်းနောက် အော်ဒီနက်စ် ဖာနန်ဒက်ဇ် လိင်ပိုင်းအနိုင်ကျင့်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများရှိလာခဲ့သည်။
ဗာတီကန်သည် ယခင်ကဆိုလျှင် ဘုန်းကြီးများအား လူထွက်စေမှုကို ထုတ်ပြန်လေ့မရှိဘဲ ဘုန်းကြီးတစ်ပါး နုတ်ထွက်မှသာ စာကြောင်းတစ်ကြောင်းခန့်ဖြင့်သာ ထုတ်ပြန်လေ့ရှိခဲ့သည်။ ဗာတီကန်သည် ဘုန်းကြီးများ၏လိင်ပိုင်းအနိုင်ကျင့်မှုများကို ကိုင်တွယ်ရာတွင် လျှို့ဝှက်လွန်းပြီး ဆုံးဖြတ်ချက်ချမှတ်မှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောဆိုမှုများရှိခဲ့သည်။
လိင်ပိုင်းအနိုင်ကျင့်မှုများဖြင့် စွပ်စွဲခံထားရသည့် ဂိုဏ်းအုပ်ဘုန်းကြီးများအမှု စုံစမ်းစစ်ဆေးမှု၏ရလဒ်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဗာတီကန်၏ပြောခွင့်ရှိသူ ဂရက်ဘာ့က ပြောဆိုခဲ့သည်။ ချီလီရှိ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး လိင်ပိုင်းအနိုင်ကျင့်သူ ဘုန်းကြီး ဖာနန်ဒို ကာရာဒီမာအား လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်တွင် လူထွက်စေခြင်းကိုလည်း အလားတူပင် ထုတ်ပြန်ခဲ့သည်။
လိင်ပိုင်းအနိ်ုင်ကျင့်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ရာတွင် ညံ့ဖျင်းခဲ့သည့်အတွက် တာဝန်ယူသည့်အနေဖြင့် နုတ်ထွက်မည်ဖြစ်ကြောင်း ချီလီရှိ တာဝန်ထမ်းဆောင်ဆဲ ဂိုဏ်းအုပ်ဘုန်းကြီးများက ပုပ်ရဟန်းမင်းကြီးအား လျှောက်ထားခဲ့သော်လည်း ဖရန်စစ်က ယခုအချိန်အထိ ခုနစ်ဦး၏လျှောက်ထားချက်ကိုသာ လက်ခံခဲ့သည်။

















