ပါလက်စတိုင်းနှင့်ခြေစမ်းပွဲပျက်ခဲ့သည့် ဘာရိန်အသင်း မြန်မာနှင့်ခြေစမ်းမည်

ပါလက်စတိုင်းနှင့်ခြေစမ်းပွဲပျက်ခဲ့သည့် ဘာရိန်အသင်း မြန်မာနှင့်ခြေစမ်းမည်

ဘာရိန်းလက်ရွေးစင်ဘောလုံးအသင်းသည် ပါလက်စတိုင်းအသင်းနှင့်ခြေစမ်းပွဲပျက်ပြယ်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင်အသင်းအား ခြေစမ်းရန် ကမ်းလှမ်းခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ခံခဲ့ပြီး အောက်တိုဘာ ၁၆ရက်တွင် ခြေစမ်းကစားမည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုထား

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၅ရက်တွင် ရန်ကုန်မြို့က ထွက်ခွာပြီး ကာတာနိုင်ငံ၌ လေ့ကျင့်ခြေစမ်းရန် ယခင်ကစီစဉ်ခဲ့သောလည်း ဘာရိန်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းမည်ဖြစ်သော ကြောင့် အောက်တိုဘာ ၁၄ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘာရိန်းနိုင်ငံသို့ ထွက်ခွာခဲ့ပြီဖြစ်သည်။ " ပါလက်စတိုင်းနဲ့ ခြေစမ်းပွဲပျက်ခဲ့လို့ ဘာရိန်းအသင်းက အောက်တိုဘာ ၁၃ရက်နံနက်ပိုင်းမှာ မြန်မာအသင်းနဲ့ ခြေစမ်းချင်တယ်ဆိုပြီး စာပို့တယ်။ ကျွန်တော်တို့ဘက်ကလဲ ကစားမယ်လို့ ချက်ခြင်းစာပြန်ခဲ့တယ်။ အောက်တိုဘာ ၁၆ရက်မှာ မြန်မာစံတော်ချိန် ည၇နာရီ ၁၅မိနစ်မှာ ကန်ဖို့တော့ အတည်ပြုထားတယ်" ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ခြေစမ်းပွဲငါးပွဲ

မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် အန်တွမ်နီဟေးလ်လက်ထက်တွင် နိုင်ငံတကာခြေစမ်းပွဲ သုံးပွဲကစားခဲ့ရာ တရုတ်လက်ရွေးစင်အသင်းကို တစ်ဂိုး ဂိုးမရှိ၊ အင်ဒိုနီးရှားအသင်းကို သုံးဂိုး ဂိုးမရှိ၊ ဘိုလီဗီးယားအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် သုံးပွဲစလုံးရှုံးနိမ့်ထားကာ သွင်းဂိုး တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းသည် ဘာရိန်းအသင်းနှင့်ခြေစမ်းကစားပြီးပါက ကာတာနိုင်ငံသို့သွားရောက်ပြီး ခြေစမ်းပွဲ ငါးပွဲကစားရန် စီစဉ်ထားသည်။



ဖတ်ရှုမှုအများဆုံး