မြန်မာနှင့်ဘိုလီဗီးယားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲတွင် အနိုင်ဂိုးသွင်းယူခဲ့သည့် ဘိုလီဗီးယားတိုက်စစ်မှူး မာဆယ်လိုမိုရီနိုက လာမည့် ၂၀၂၀ပြည့်နှစ်တွင် မိမိ်တို့အိမ်ကွင်း၌ မြန်မာအသင်းနှင့်ထပ်မံခြေစမ်းကစားလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တွေ့ဆုံခဲ့
ဆူဇူကီးပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် မြန်မာနှင့် ဘိုလီဗီးယားလက်ရွေးစင်အသင်းတို့သည် အောက်တိုဘာ ၁၃ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ ခြေစမ်းကစားခဲ့ရာ ဘိုလီဗီးယားအသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယင်းခြေစမ်းအပြီး တည်းခိုရာဟိုတယ်တွင် တိုက်စစ်မှူး မာဆယ်လိုမိုရီနိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တွေ့ဆုံခဲ့ရာ၌ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ခြေစမ်းလို
တိုက်စစ်မှူး မိုရီနိုက မြန်မာ့လက်ရွေးစင်အသင်းကို ယခုထက်ပိုမိုတောင့်တင်းလာအောင် ကြိုးစားကြစေလိုကြောင်းနှင့် လာမည့် ၂၀၂၀ပြည့်နှစ်တွင် ဘိုလီဗီးယားနိုင်ငံတွင် မြန်မာအသင်းနှင့် ထပ်မံ၍ ခြေစမ်းကစားလိုပါကြောင်း ပြောဆိုခဲ့သည်။ ဘိုလီဗီးယားတိုက်စစ်မှူး မာဆယ်လိုမိုရီနိုသည် တရုတ်လိဂ်ဝမ်းကလပ် ဝူဟန်အသင်းတွင် ကစားနေသူဖြစ်ပြီး ပြီးခဲ့သည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းဘက်သို့ အနိုင်ဂိုး တစ်ဂိုးသွင်းယူခဲ့သူဖြစ်သည်။
ဘိုလီဗီးယားအသင်းသည် မြန်မာနှင့်ခြေစမ်းကစားပြီးနောက် အောက်တိုဘာ ၁၆ရက်တွင် အဝေးကွင်း၌ အီရန်အသင်းနှင့် ထပ်မံခြေစမ်းဦးမည်ဖြစ်သည်။















