အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသားဝတ်စုံကို အမျိုးသားပြတိုက်သို့ လှူဒါန်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသားဝတ်စုံကို အမျိုးသားပြတိုက်သို့ လှူဒါန်း

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ဝတ်စုံကို အမျိုးသားပြတိုက် (နေပြည်တော်)သို့ အောက်တိုဘာ ၁၂ ရက်က လှူဒါန်းလိုက်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ 

ယခုလှူဒါန်းသည့် ဝတ်စုံသည် အဘိုးဖြစ်သူ မန်းဘခိုင်၏ ကရင်တိုင်းရင်းသားရိုးရာ ဝတ်စုံဖြစ်ကြောင်း၊ အဘွားမှ တစ်ဆင့် မျိုးရိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်း၊ အဘိုးဖြစ်သူ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သည့်အတွက် ဤဝတ်စုံသည် သမိုင်းကြောင်းအရလည်း တန်ဖိုးရှိကြောင်း၊ မိသားစုက ထိန်းသိမ်းခြင်းထက် အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းပြီး အများပြည်သူကို ပြသခြင်းက ပိုမိုအကျိုးရှိမည်ဟု ယူဆရပါသောကြောင့် ယခုလိုလှူဒါန်းခြင်းဖြစ်ကြောင်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 
အဆိုပါဝတ်စုံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရရှိခဲ့သည်။ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ပြတိုက်များသည် ပြသပစ္စည်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်းနှင့် ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဆိုသည့် ပြတိုက်ဆိုင်ရာ လုပ်ငန်းစဉ်များကို နေ့စဉ်ဆောင်ရွက်နေကြောင်း၊ ပြသပစ္စည်းများကို စုဆောင်းရာတွင်နိုင်ငံတော်ပိုင်အဖြစ်ရရှိခြင်း၊ ဝယ်ယူရရှိခြင်း၊ လှူဒါန်း ရရှိခြင်း၊ ငှားရမ်းရရှိခြင်း၊ ခေတ္တရရှိခြင်း၊ အပ်နှံရရှိခြင်းစသည့် နည်းလမ်း(၆)မျိုးဖြင့်ဆောင်ရွက်နေကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ၄င်းအဘိုး၏ ဝတ်စုံကို အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်းခြင်းသည် ပြသပစ္စည်းစုဆောင်းရေးနည်းလမ်းနှင့် ကိုက်ညီကြောင်း၊ ယခုဝတ်စုံသည် အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူ မန်းဘခိုင်၏ ဝတ်စုံဖြစ်ကြောင်း သိရသဖြင့် သမိုင်းတန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 
 

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် အမျိုးသားပြတိုက် (၂)ခု အပါအဝင် ပြတိုက်ပေါင်း (၃၂)ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ် ပြသ လျက်ရှိပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဘိုးဘွားစဉ်ဆက် သိမ်းဆည်းထားသူများ၊ တိုင်းရင်းသာ းအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ပေးအပ်လှူဒါန်းလာပါက ထိုက်တန်သည့် ဆုကြေးငွေပေးအပ်၍ စုဆောင်းလျက်ရှိကြောင်း၊ သင့်တော်သည့်အချိန် ကာလများတွင် ပြတိုက်များ၌ ခင်းကျင်းပြသလျက်ရှိကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်ဌာနခွဲ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး