ဖုယွင်စက်ရုံအလုပ်သမားများ သပိတ်စခန်းကို တုတ်၊ ဓါးများကိုင်ဆောင်ထားသည့် လူတစ်စုက ယနေ့ (အောက်တိုဘာ ၁၅ ရက်နေ့ )တွင် အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင့် သပိတ်စခန်းမှ ဆန္ဒပြတောင်းဆိုနေသူ အလုပ်သမား ၂၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖုယွင်အလုပ်သမား သမဂ္ဂဥက္ကဌ မသက်ထားဆွေက မြန်မာတိုင်းမ်ကို ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် တုတ်၊ ဓားကိုင်ဆောင်ထားသူ လူတစ်စုက စက်ရုံရှေ့အနီး ဖွင့်လှစ်ထားသည့် သပိတ်စခန်း၌ရှိနေသူ အထည်ချုပ်အလုပ်သမားများကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းကြောင့် ထိခိုက်ဒဏ် ရာရရှိခဲ့ခြင်းဖြစ်သည်။
'' ဒီနေ့ညနေ ၃ နာရီ သပိတ်စခန်းရှေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်မှာပါ။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို သင်္ဃန်းကျွန်းစံပြဆေးရုံမှာ ကုသထားရတယ်" ဟု မသက်ထားဆွေက ပြောသည်။
ကြိုတင်အသိပေးအကြောင်းထားခြင်းမရှိဘဲ သြဂုတ် ၂၀ ရက်နေ့တွင် ဖုယွင်အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂဥက္ကဌအပါအဝင် အဖွဲ့ဝင် အလုပ်သမား အယောက် ၃၀ အလုပ်ထုတ်ခံခဲ့ရသည်။ယင်းနှင့်ပတ် သက်၍ အလုပ်ထုတ်ကြေညာစာကို ပြန်လည်ရုပ်သိမ်းပေးရန် သြဂုတ် ၂၃ ရက်နေ့တွင် ဒဂုံဆိပ်ကမ်း အထွေထွေအုပ်ချုပ်ရေးရုံး၌ အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ အလုပ်ရှင်ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းခဲ့သည်။သို့သော်လည်း အောင်မြင်မှုမရရှိခဲ့ခြင်းကြောင့် ယနေ့ (၅၄) ရက်မြောက်နေ့ထိတိုင် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
''
ကြေးစားလို့တော့ ကျွန်တော်တို့ မကြားထားပါဘူး။ အလုပ်ဆင်းတဲ့ အဖွဲ့နဲ့ သပိတ်အဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြဿနာဖြစ်ကြတယ်လို့ ကြားပါတယ်။ အခုပြေလည်မှုရရှိဖို့ ဆောင်ရွက်နေတယ်" ဟု ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖုယွင် အထည်ချုပ်အလုပ်သမားများကို အနည်းဆုံးအခကြေးငွေနှုန်းထားအရ လုပ်ခများ တိုးပေးပြီးနောက်ပိုင်း ကုန်ကျစရိတ် ပိုများလာခြင်း၊လုပ်ခလစာစရိတ်များ ပိုကုန်ကျလာခြင်းကြောင့် ရေရှည်စီးပွားရေး တွက်ခြေမကိုက်သဖြင့် အရှုံးပေါ်လျက်ရှိကြောင်း၊ အလုပ်ရှင်အလုပ်သမား သဘောတူညီချက်အတိုင်း အလုပ်လုပ်ကိုင်ခြင်းမရှိသူများ၊ စာချုပ် ချိုးဖောက်သူများ၊ ခွင့်မဲ့ပျက်ကွက်သူများ၊ ကုန်ထုတ်လုပ်မှုကျဆင်းအောင် သွေးထိုးလှုံ့ဆော်သူ အလုပ်သမားအယောက် ၃၀ ကို သြဂုတ် ၂၀ ရက်ကစပြီး အလုပ်ရပ်စဲလိုက်ကြောင်း ဖုယွင်အထည်ချုပ်စက်ရုံ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

















