ရာသီဥတုပြောင်းလဲခြင်းဟူသည် လှမ့်လုံးမဟုတ်ဟု ထရမ့် ဆို

ရာသီဥတုပြောင်းလဲခြင်းဟူသည် လှမ့်လုံးမဟုတ်ဟု ထရမ့် ဆို

ရာသီဥတုပြောင်းလဲခြင်းကို မယုံကြည်ဟုပြောခဲ့သည့် သမ္မတဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲခြင်းဟူသည် လှိမ့်လုံးမဟုတ်ဟု ဝန်ခံလိုက်သော်လည်း ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်များတွင် နိုင်ငံရေးလုပ်ငန်းစဉ်ရှိကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ကမ္ဘာ့အပူချိန် မြင့်တက်လာမှုရပ်ဆိုင်းရေး ဆောင်ရွက်ရန် ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်များက တောင်းဆိုခဲ့ပြီး တစ်ပတ်မကြာမီ စီဘီအက်စ်ရုပ်သံ၏ မိနစ် ၆၀ အစီအစဉ်တွင် ပါဝင်တွေ့ဆုံရာ၌ သမ္မတထရမ့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ 
    ရာသီဥတုပြောင်းလဲခြင်းကို တိုင်းတာနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့်(အိုင်ပီစီစီ)က ကမ္ဘာကြီးသည် အပူချိန် ၃ ဒီဂရီစင်တီဂရိတ်မြင့်တက်မည့် အခြေအနေဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း လွန်ခဲသည့်အပတ်က သတိပေးခဲ့သည်။ သဘာဝအလျောက် အပူချိန်အတိုးအလျှော့ရှိခြင်းသည် လူသားတို့လုပ်ရပ်များကြောင့် ပိုမိုဆိုးရွားခဲ့ပြီး စက်မှုခေတ်ပြောင်း တော်လှန်ရေး မတိုင်မီအခြေအနေထက် ကမ္ဘာကြီးသည် ၁ ဒီဂရီစင်တီဂရိတ် ပိုမိုပူပြင်းလာပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။
    ၄င်းတို့က ကမ္ဘာကြီး ၁ ဒသမ ၅ စင်တီဂရိတ်ထက် ပိုမိုပူပြင်းလာခြင်းမရှိအောင် ရည်မှန်းထိန်းသိမ်းထားလိုကြောင်း၊ ယင်းထက်ပိုမိုပူပြင်းက မြန်ဆန်လှပြီး အလွန်ကျယ်ပြန့်သည့် မမျှော်လင့်သည့်ပြောင်းလဲမှုများကို လူမှုဝန်းကျင်၏ ကဏ္ဍအားလုံး ခံစားကြရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 
    သမ္မတထရမ့်က ယင်းသိပ္ပံပညာရှင်များတွင် အလွန်ကြီးမားသည့် နိုင်ငံရေးလုပ်ငန်းစဉ်ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲခြင်းသည် လှိမ့်လုံးထွင်လုံး မဟုတ်သော်လည်း လူလုပ်၍ဟုမူ မထင်ကြောင်း၊ ထရီလီယံချီသော ဒေါ်လာ ထရီလီယံပေါင်းများစွာ မဖြုန်းတီးလိုကြောင်း၊ သန်းချီသောအလုပ်အကိုင်များ မဆုံးရှုံးစေလိုကြောင်း ပြောဆိုခဲ့သည်။ 
    ကမ္ဘာ့ရှေ့ဆောင် သိပ္ပံပညာရှင်များက ရာသီဥတုပြောင်းလဲခြင်းသည် လူသားတို့ဖန်တီးမှုကြောင့် ဖြစ်ကြောင်း သဘောတူထားသည်။