ဆာဆက် နယ်စားနှင့် နယ်စားကတော် မင်းသားဟာရီနှင့် မီဂန်တို့သည် သြစတြေးလျ၊ ဖီဂျီ၊ တွန်ဂါနှင့် နယူးဇီလန် တရားဝင် အလည်အပတ် ခရီးစဉ်အဖြစ် ဆစ်ဒနီမြို့သို့ အောက်တိုဘာ ၁၅ ရက်ကဦးဆုံးရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
မေလကလက်ထပ်ပြီးနောက် မင်းသားဟာရီနှင့် မီဂန်တို့၏ ပထမဆုံးတရားဝင် တော်ဝင် ခရီးစဉ်လည်းဖြစ်သည်။ ၁၆ ရက်ကြာခရီးစဉ်သည် ဆစ်ဒနီတွင်လာမည့် သီတင်းပတ်ကုန်၌ ကျင်းပမည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့်လည်း တိုက်ဆိုင်လျက်ရှိကာတော်ဝင် ဇနီးမောင်နှံသည် တက်ရောက်အားပေးရန် ရှိနေသည်။ မင်းသားဟာရီနှင့် မီဂန်တို့သည် ဗြိတိန်ဘုရင်မကြီး၏ သြစတြေးလျဆိုင်ရာ အထူးအာဏာအပ်နှင်းခံရသူ ဘုရင်ခံ ပီတာကော့စ်ဂရုနေထိုင်သည့် ဆစ်ဒနီဆိပ်ကမ်းရပ်ကွက်ရှိစံအိမ်သို့ လေဆိပ်မှတစ်ဆင့် ရောက်ရှိခဲ့ကြသည်။
မင်းသားဟာရီ၏ မိဘနှစ်ပါးဖြစ်သော ချားလ်မင်းသားနှင့် ဝေလမင်းသမီးဒိုင်ယာနာတို့သည်လည်း ပထမဆုံးတော်ဝင်ခရီးစဉ်ကို သြစတြေးလျ၊ နယူးဇီလန်ခရီးစဉ်ဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။
သြစတြေးလျတွင် မင်းသားဟာရီနှင့် ဇနီးမီဂန်တို့သည် ဆစ်ဒနီ ပြဇာတ်ရုံ၊ တိုရွန်ဂါ တိရစ္ဆာန်ရုံ၊ ဘွန်ဒီကမ်းခြေစသည့် အထင်ကရနေရာများကို သွားရောက်လည်ပတ်ကြမည်ဖြစ်သလို၊ မဲလ်ဘုန်းမြို့နှင့် အခြားသော အထင်ကရဒေသများကိုလည်း သွားရောက်လည်ပတ်ကြမည်ဖြစ်သည်။
ထို့နောက်တွင် ဖီဂျီနှင့် တွန်ဂါတို့တွင်လည်းရက်အနည်းငယ်စီနေထိုင်ကြမည်ဖြစ်ကာ၊ နောက်ဆုံးတွင် နယူးဇီလန်၌ လေးရက်တာအလည်အပတ်ခရီးဖြင့် တော်ဝင် ခရီးစဉ်ကိုအဆုံးသတ်မည်ဖြစ်သည်။ မင်းသားဟာရီ၏ အစ်ကိုနှင့်မရီးဖြစ်သူကိန်းဘရစ် နယ်စားနှင့် နယ်စားကတော်တို့သည်လည်း ၂၀၁၄ ဧပြီက သြစတြေးလျနှင့် နယူးဇီလန်တို့တွင် ၁၈ ရက်ကြာနေထိုင်လည်ပတ်ခဲ့ကြသည်။

















