ကာတာနိုင်ငံ၌ ပွဲဦးထွက်ခြေစမ်းပွဲအဖြစ် Duhail SC နှင့် မြန်မာခြေစမ်းမည်

ကာတာနိုင်ငံ၌ ပွဲဦးထွက်ခြေစမ်းပွဲအဖြစ် Duhail SC နှင့် မြန်မာခြေစမ်းမည်

ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာနိုင်ငံ၌ ခြေစမ်းပွဲငါးပွဲကစားမည်ဖြစ်ရာ အောက်တိုဘာ ၁၉ရက်တွင် ပထမခြေစမ်းပွဲအဖြစ် Duhail SCအသင်းနှင့် ဒေသစံတော်ချိန် ညနေ ၅နာရီ ၄၅မိနစ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

ထွက်ခွာမည်

မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာနိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး မထွက်ခွာမီ ဘာရိန်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အောက်တိုဘာ ၁၃ရက်ညပိုင်းကထွက်ခွာခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၆ရက်(ယနေ့)တွင် ဘာရိန်းအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ရက်တွင် ကာတာနိုင်ငံသို့ထွက်ခွာမည်ဖြစ်သည်။

သဘောတူညီမှုရ

ကာတာနိုင်ငံ၌ ခြေစမ်းပွဲငါးပွဲကစားမည့် မြန်မာအသင်းသည် လက်ရှိအချိန်တွင် ကလပ်အသင်းသုံးသင်းနှင့် ခြေစမ်းကစားရန်သဘောတူညီမှုရထားသည်။ မြန်မာအသင်းသည် အောက်တိုဘာ ၁၉ရက်တွင် ကာတာကလပ် Duhail SC နှင့် ပွဲဦးထွက်ခြေစမ်းမည်ဖြစ်ပြီး အောက်တိုဘာ ၂၄ရက်နှင့် ၂၈ရက်တို့တွင် Police Team အသင်းနှင့်ဒေသစံတော်ချိန် ည၇နာရီ ၁၅မိနစ်၌ ခြေစမ်းကစားမည်ဖြစ်သည်။

ဆက်သွယ်ညှိနှိုင်း

ကျန်ရှိသည့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည့်အချိန်နှင့် အသင်းအမည်အား သတင်းထုတ်ပြန်သေးခြင်းမရှိသေးဘဲ ကြားသိရသောသတင်းများအရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကာတာလက်ရွေးစင်အသင်းနှင့်ပါ ခြေစမ်းနိုင်ရန်အတွက် ဆက်သွယ်ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပဏာမ ကစားသမား ၂၆ဦးဖြင့် ဘာရိန်းနှင့် ကာတာနိုင်ငံများသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ၌ သုံးပတ်ကြာ လေ့ကျင့်ခြေစမ်းကာ နိုဝင်ဘာ ၆ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ။



ဖတ်ရှုမှုအများဆုံး