ကမ္ဘာကြီးပူနွေးမှုကို လျှော့ချရန် အကောင်းဆုံး အမျှတဆုံး နည်းလမ်းမှာ သစ်တောများအတွင်း နေထိုင်သည့် ဒေသခံ မူလတိုင်းရင်းသားများ၏ ဘဝကို မြှင့်တင်ပေးရန်နှင့် ထိုသူများ၏ မြေယာအခွင့်အရေးကို အသိအမှတ်ပြုရန်၊ စားသောက်ကုန် အလဟဿဖြစ်နှုန်း လျှော့ချရန်နှင့် လူသားများ အသားစားသုံးမှု လျှော့ချရန်ဖြစ်ကြောင်း နိုင်ငံတကာ အင်န်ဂျီအို ၃၈ ဖွဲ့က အောက်တိုဘာ ၁၅ တွင် စုပေါင်းထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြလိုက်သည်။
သဘာဝ သစ်တောဂေဟစနစ် ရှင်သန်နေအောင် ထိန်းသိမ်းရန်နှင့် ဂေဟစနစ် အားနည်းနေသည့် နေရာများတွင် ပြန်လည်အသက်သွင်းပေးရန်၊ သစ်တောများအတွင်းနှင့် ဝန်းကျင်တွင် နေထိ်ုင်သည့် ဒေသခံ တိုင်းရင်းသားများ၏ မြေယာအခွင့်အရေးများကို လေးစား အသိအမှတ်ပြုရန်၊ ကမ္ဘာ့စားနပ်ရိက္ခာ စီးဆင်းမှု လုပ်ငန်းစဉ်အတွင်း အလေအလွင့် နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းရန် စသည့် ဝတ္တရားများကို ကျေပြွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ၂၀၅၀ ပြည့်နှစ်ခန့်ရောက်လျှင် ကမ္ဘာကြီးအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိနေမှုကို ၄၀ ရာခိုင်နှုန်းထိ သိသိသာသာ လျှော့ချနိုင်သွားကာ ရာသီဥတု ဘေးဆိုးများမှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အသစ်လေ့လာတွေ့ရှိထားသည့် သိပ္ပံသုတေသနအချက်အလက်များကို ကိုးကား၍ ဖော်ပြသွားသည်။
ကမ္ဘာမြေပေါ်တွင် သစ်တောဖုံးအုပ်ဧရိယာနှင့် စိုစွတ်မြေဧရိယာများကို တိုးမြှင့်ခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိမှု လျှော့ချရေး ရည်မှန်းချက် ထက်ဝက်ခန့် ပေါက်မြောက်နိုင်သလို၊ ကာဗွန်ထွက်ရှိမှု များပြားသည့် စိုက်ပျိုးနည်းစနစ်များကို ပြုပြင်ယူခြင်းဖြင့်လည်း ကျန် ရည်ရွယ်ချက် ထက်ဝက်ကို ပြည့်မီနိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။
လက်ရှိ ကမ္ဘာ့လူသားများ နေထိုင်သုံးစွဲနေပုံအရ လာမည့် ရာစုနှစ်ဝက်ရောက်ချိန်တွင် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုတော်လှန်ရေးကာလကထက် ၃ ဒီဂရီမှ ၄ ဒီဂရီခန့်ထိ ပိုပူလာနိုင်ကြောင်း၊ ကုလသမဂ္ဂက သတ်မှတ်ထားသော အမြင့်ဆုံး ခွင့်ပြုပမာဏ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကို ကျော်သွားနိုင်ကြောင်းလည်း အစီရင်ခံစာက သတိပေးထားသည်။

















