အချို့သော ပစိဖိတ်ကျွန်းစုနိုင်ငံများ တရုတ်ကို ပေးဆပ်ရန် ကြွေးမြီများစွာ တင်ရှိနေခြင်းကို စိုးရိမ်မိကြောင်းနှင့် ထိုနိုင်ငံများ ကြွေးမြီ ဆပ်နိုင်စေရန် တစ်နည်းတစ်ဖုံ ကူညီရန် စီစဉ်လျက်ရှိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက် နယူးဇီလန် ခရီးစဉ်အတွင်း ပြောကြားလိုက်သည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနို သည် နယူးဇီလန်သို့ သွားရောက်ကာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာနှင့် တွေ့ဆုံခဲ့သည်။ ပစိဖိတ်ကျွန်းနိုင်ငံများဘက်တွင် တရုတ်သည် ချေးငွေများစွာ ထုတ်ပေးလျက်ရှိပြီး တွန်ဂါ၊ ဗန်နျူယာတူ စသည့် ကျွန်းနိုင်ငံငယ်များသည် တရုတ်ထံတွင် ကြွေးမြီများစွာ တင်ရှိနေသောကြောင့် တရုတ် သြဇာကို မလွန်ဆန်နိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုနို၏ မှတ်ချက်စကားတွင် တရုတ်နိုင်ငံဟု ထည့်သွင်းပြောဆိုခြင်းမရှိသော်လည်း တရုတ်ကို ရည်ညွှန်းကြောင်း ထင်ရှားလျက်ရှိသည်။ ပစိဖိတ်ကျွန်းနိုင်ငံများသည် ဂျပန်နှင့် နယူးဇီလန်အတွက် မဟာဗျူဟာကျ အရေးပါသည်ဟု နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးက သဘောတူကြေညာခဲ့ကြသည်။
ပစိဖိတ်ကျွန်းစုနိုင်ငံငယ်များအနေဖြင့် ချေးငွေ အများအပြား ယူထားပြီး ပြန်ပေးဆပ်နိုင်စွမ်း ရှိ မရှိက စိုးရိမ်စရာဖြစ်သည်ဟု နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ပီတာကလည်း ပြောသည်။ ကျွန်းနိုင်ငံငယ်များအစား ကြွေးမြီတိုက်ရိုက်ပြန်ပေးဆပ်ရန် အစီအစဉ်မူကား မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ဆိုသည်။ သို့သော် ထိုနိုင်ငံငယ်များ ကြွေးဝန်ထုပ်ပိခြင်းကို တစ်နည်းတစ်ဖုံ ဖြေရှင်းပေးနိုင်ရန် နည်းလမ်းရှာဖွေမည်ဖြစ်ကြောင်း ဆိုထားကြသည်။
ကိုနို၏ ခရီးစဉ်သည် ပြီးခဲ့သည့် ငါးနှစ်အတွင်း နယူးဇီလန်သို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပထမဆုံး ရောက်ရှိမှုလည်း ဖြစ်သည်။ နယူးဇီလန် ဝန်ကြီးချုပ် ယာဆင်ဒါ အာဒန် တက်လာပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးလာခဲ့သည်ကို တွေ့ရသည်။

















