တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံဆက်သွယ်သည့် ရထားလမ်းနှင့် ကားလမ်းများ ခေတ်မီတိုးတက်ရေး ပူးတွဲစီမံကိန်းများ စတင်ရန် နယ်စပ် ပန်မွန်ဂျုံကျေးရွာတွင် ပြုလုပ်သည့် နှစ်ဘက်အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲက အတည်ပြုလိုက်ပြီဖြစ်သည်။
တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂယုံနှင့် မြောက်ကိုရီးယားဘက်မှဝန်ကြီး ရီဆွန်ဂဝမ်တို့ ခေါင်းဆောင်သည့် အောက်တိုဘာ ၁၅ ရက် အစည်းအဝေးတွင် သဘောတူညီလိုက်ကြခြင်းဖြစ်သည်။ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသတစ်လျှောက် ဆက်သွယ်မည့် စီမံကိန်းအတွက် ပန္နက်ချအခမ်းအနားကို နိုဝင်ဘာနှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာအစောပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း နာရီများစွာ ကြာသည့်ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အနောက်ပိုင်းဒေသရထားလမ်းများအတွက် ဆန်းစစ်လေ့လာခြင်းကို အောက်တိုဘာနှောင်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အရှေ့ပိုင်းဒေသအတွက် နိုဝင်ဘာအစောပိုင်းတွင် ပြုလုပ်မည်ဟု သိရသည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ချဲ့ထွင်ရန်နှင့် မျက်နှာစာမျိုးစုံတွင် ပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်နှစ်ဦးတို့ ပြုံယမ်း၌ စက်တင်ဘာလအတွင်း တွေ့ဆုံသဘောတူညီခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ရလဒ်တစ်ခုဖြစ်သည်။
ထို့ပြင် ကွဲကွာနေသည့် မိသားစုများအရေး ကြက်ခြေနီအသင်းများဆွေးနွေးပွဲကို နိုဝင်ဘာတွင် ကျင်းပရန်နှင့် ဗိုလ်ချုပ်ကြီးအဆင့် စစ်ဘက်ဆွေးနွေးပွဲများ စီစဉ်ရန်လည်း သဘောတူခဲ့ကြသည်။ စစ်ဘက်ဆွေးနွေးပွဲများတွင် စစ်ရေးတင်းမာမှု လျှော့ချပုံနည်းလမ်းများ သုံးသပ်ကြမည်ဖြစ်ပြီး ပူးတွဲစစ်ရေးကော်မတီတစ်ခု ဖွဲ့စည်းရန်လည်း ပါဝင်သည်။
၂၀၃၂ နွေရာသီ အိုလံပစ်ပွဲတော်ကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရေးအတွက် အောက်တိုဘာအနှောင်းပိုင်းတွင် ဆွေးနွေးရန်လည်း ကိုရီးယားနှစ်နိုင်ငံတို့ သဘောတူခဲ့ကြကြောင်း သိရသည်။

















