လက်ထောက်မြို့နယ်ပညာရေးမှူးအသတ်ခံရမှုကို သက်ဆိုင်ရာ စုံစမ်းနေ

လက်ထောက်မြို့နယ်ပညာရေးမှူးအသတ်ခံရမှုကို သက်ဆိုင်ရာ စုံစမ်းနေ

လက်ပံတန်း မြို့ မီးရထား စက်ခေါင်းရုံ အနီးတွင် လက်ထောက်မြို့နယ်ပညာရေးမှူး တစ်ဦး ဒဏ်ရာ များဖြင့်သေဆုံးခဲ့မှု ယနေ့ (အောက်တိုဘာ ၁၅) ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် လက်ပံတန်းမြို့နယ်နေ မီးရထားစက်ခေါင်းပြင်စက်ရုံအနီး လူတစ်ဦး သွေးထွက်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း စက်ခေါင်းစက်ရုံမှ လုံခြုံရေးဝန်ထမ်းက သတင်းပေးပို့သဖြင့် လက်ပံတန်းမြို့မရဲစခန်းမှ အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူအနီး နံပါတ်မပါ Honda Blade 110 အနက်ရောင် ဆိုင်ကယ် အားရပ်တန့်ထားလျက် တွေ့ရှိရပြီး သေဆုံးသူမှာ ပက်လက်အနေအထားဖြင့်လည်ပင်း တွင် ပြတ်ရှဒဏ်ရာရရှိကာသေဆုံးနေခြင်းဖြစ်သည်။ ၄င်းအနီးတွေ့ရှိသည့် နိုင်ငံသားစိစစ်ရေးကတ် ယာဉ်မောင်းလိုင်စင်အထောက် အထား များအရ သေဆုံးသူမှာ လက်ပံတန်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကျော်သန်း အသက်(၃၂)နှစ် ဖြစ်ကြောင်း သိရသည်။

အသတ်ခံရမှုနှင့်ပတ်သက်၍ လက်ပံတန်းမြို့မရဲစခန်းမှ (ပ)၁၀၁၈/ ၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှု ဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။