မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖြူရစ်အက်စစ် သိန်းထောင်ကျော်ဖိုး ဖမ်းမိ

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖြူရစ်အက်စစ် သိန်းထောင်ကျော်ဖိုး ဖမ်းမိ

လွိုင်လင်-တောင်ကြီးကားလမ်းတွင် ပလတ်စတစ်ပီပါများဖြင့် သယ်ယူလာသည့် မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စု (၂၇)မှ တပ်ဖွဲ့ဝင်များ သည် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်အတူ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်းတွင် တောင်ကြီးမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ ညီညီလွင် ၃၉ နှစ်မောင်းနှင်ပြီး ဘိုဘိုဝင်း(ခ)မြင့်မြတ် ၂၇ နှစ်လိုက်ပါလာသည့် မော်တော်ယာဉ်ကို စစ်ဆေးခဲ့သည်။ 

အဆိုပါယာဉ်နောက်တွဲပေါ်တွင် ပလတ်စတစ်ပီပါ ၇၉ လုံးအတွင်းမှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆာလဖြူရစ်အက်စစ် ၁၄၂၂ဝ လီတာခန့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၄၂၂ သိန်း)နှင့် ညီညီလွင်ထံမှ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 

လွိုင်လင်မြို့မ ရဲစခန်းက မယ(ပ) ၂၂/၁၈ မူးယစ်ဥပဒေပုဒ်မ ၁၆(ခ)/ ၂၁ အရ အမှုဖွင့်အရေးယူထားသည်။