မလေးရှားက ဗီယက်နမ်ငရုတ်သီးတင်သွင်းမှုကို ပိတ်ပင်မည်

မလေးရှားက ဗီယက်နမ်ငရုတ်သီးတင်သွင်းမှုကို ပိတ်ပင်မည်

အပင်ကာကွယ်ဆေးတွင် ခွင့်ပြုနိုင်သည့်ဓာတုပစ္စည်းပမာဏထက် အလွန်အကျွံသုံးစွဲ ထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ မလေးရှားနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုး ရေးနှင့် စိုက်ပျိုးမှုအခြေခံစက်မှုဝန်ကြီးဌာနက ဗီယက်နမ်ငရုတ်သီးတင်သွင်းမှုကို ယာယီ ရပ်ဆိုင်းပိတ်ပင်လိုက်ကြောင်း ကြေငြာလိုက်သည်။

သို့သော် မလေးရှားရှိ ဗီယက်နမ် စီးပွားရေးသံမှူး ဖန်ကုတ်အန်းကပြောဆိုရာတွင် ထိုပိတ်ပင်မှုနှင့်ပတ်သက်ပြီး သတိပြု ဖွယ်အချက်နှစ်ချက်ရှိကြောင်း ဆိုသည်။ ပထမအချက်မှာ ဗီယက်နမ်ငရုတ်သီးထုတ်လုပ် သူအားလုံးမှာ မလေးရှား၏အပင်ကာကွယ်ဆေးတွင် ခွင့်ပြုနိုင်သည့်ဓာတုပစ္စည်းပမာဏ သတ်မှတ်ချက်ကို ဖောက်ဖျက်သူများမဟုတ်ကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့်စိုက်ပျိုးမှုအခြေခံစက်မှုဝန်ကြီးဌာနက ဗီယက်နမ်ငရုပ်သီးတင် သွင်းမှုကို ယာယီရပ်ဆိုင်းပိတ်ပင်လိုက်ကြောင်း ကြေညာမှုမှာ မလေးရှားလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအား အားပေးလိုသောကြောင့်ဖြစ်ပုံရကြောင်း ပြောကြားလိုက်သည်။

အန်းက ဆက်ပြောဆိုရာတွင် မလေးရှားတွင် အစိုးရလယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးမှု အခြေခံစက်မှုဝန်ကြီးဌာနက ငရုတ်စိုက်ပျိုးရေးအား အထူးအာရုံစိုက်နေကြောင်း၊ အထူး သဖြင့် လူငယ်လုပ်ငန်းရှင်များပူးပေါင်းလာရန်အားပေးနေကြောင်း သိရသည်။ ထို့ကြောင့် ဒေသတွင်းမှ မလေးရှားသို့ ငရုတ်တင်ပို့မှုအများဆုံး ထိုင်းနှင့်ဗီယက်နမ်သို့ လေ့လာရေး အဖွဲ့များစေလွှတ်ခဲ့ကြောင်း၊ မလေးရှားသို့ ငရုတ်တင်သွင်းရောင်းချမှုအားလုံးကိုစစ်ဆေး ခဲ့ကြောင်း ထိုအခါ သွင်းကုန်ငရုတ်က ဈေးချိုနေသည်ကိုတွေ့ရသဖြင့် ပြည်တွင်းငရုတ် ထုတ်လုပ်သူများအား ဖိအားကျရောက်နေကြောင်း ဆိုသည်။

ဥပမာအားဖြင့် ဂျိုဟိုး တွင်စိုက်သည့် ငရုတ်တစ်ကီလိုလျှင် ၈ ရင်းဂစ် (၁ ဒသမ ၉ ဒေါ်လာ) ပေးရချိန်တွင် ဗီယက်နမ်သွင်းကုန် ငရုတ်တစ်ကီလိုလျှင် ၃ ဒသမ ၉ ရင်းဂစ် (သုည ဒသမ ၉ ဒေါ်လာ) ပေးရသည်။ လက်ရှိမလေးရှားတွင် ပြည်တွင်းသုံး ငရုတ်ပမာဏ၏ ရာခိုင်နှုန်း ၈၀ အား ပြည်ပမှတင်သွင်းနေရသည်။ မလေးရှား၊ တောင်ကိုရီးယားနှင့် တရုတ်တို့မှာ ဗီယက်နမ် ငရုတ်အများဆုံးဝယ်ယူနေသူများဖြစ်သည်။