ထားဝယ်မြို့ ကမ်းနားလမ်း မြစ်ကမ်းဘေးရှိ မြေကွက်နှင့် မြစ်အတွင်း အဆင့်မြင့်ရေပေါ်ဈေးတစ်ခုဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
ဂျပန်၊ ထိုင်း၊ တရုတ်၊ မြန်မာရိုးရာ စားသောက်ဆိုင်များ၊ အဆင့်မြင့်ပြီး ဒေသထွက်ကုန် အမှတ်တရအရောင်းဆိုင်များ၊ မြစ်ထဲရေပေါ်စားသောက်ဆိုင်နှင့် မြစ်ရေစပ်တွင် လူဦးရေ နှစ်ရာခန့် စားသောက်နိုင်မည့် စားသောက်ခန်းမ အစရှိသည့် ဆိုင်များပါဝင်မည်ဖြစ်ကြောင်း ရေပေါ်ဈေးဆောက်ရန် အဆိုပြုထားသည့် ထားဝယ်နဂါးကုမ္ပဏီထံမှ သိရသည်။
အဆိုပါ ရေပေါ်ဈေး အကောင်အထည်ဖော်ရန် သြဂုတ်လအတွင်းက လာရောက်အဆိုပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။
ထားဝယ်မြစ်ဘေးရှိ ဆိပ်ကမ်းသာပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ပေ ၁၂၀ဝ ×၁၅၀ အကျယ် မြေကွက်ပေါ်တွင် အဆင့်မြင့် ရေပေါ်ဈေးဆောက်ရန် ထားဝယ်နဂါးကုမ္ပဏီက အဆိုပြုထားကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။
အဆိုပါ မြေနေရာသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဖြစ်ပြီး လက်ရှိတွင် တိုင်းဒေသကြီး အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေဖြစ်လာစေရန် ယခုလအစောပိုင်းက ပြည်ထောင်စုအစိုးရထံ တင်ပြထားဆဲဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
ဆိပ်ကမ်းပိုင်မြေနေရာကို တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲခွင့်ရရှိချိန်မှသာ လုပ်ခွင့်ပြု၊ မပြုကို တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။¬ “သူက(ကုမ္ပဏီ)လုပ်ချင်တာကတော့ BOT စနစ်နဲ့ လုပ်ချင်တာပေါ့။ နှစ်ငါးဆယ်လောက်၊ အဲဒါကျတော့ မြေရပြီး ဘာရပြီးဆိုရင် တစ်ဆင့်သွားမှရမှာ”ဟု ဦးမိုးဇော်လတ်က ပြောသည်။
တိုင်းဒေသကြီးအစိုးရက ကမ်းလှမ်းလာသည့်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ယင်းနေရာတွင် အဆင့်မြင့်ရေပေါ်ဈေး လုပ်ရန် အဆိုပြုထားခြင်းဖြစ်ကြောင်း ထားဝယ်နဂါးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ဆိုသည်။ တိုင်းဒေသကြီးအစိုးရထံမှ ခွင့်ပြုချက်ရပါက စည်ပင်သာယာရေးအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်တွင် ရှင်းပြဆွေးနွေးခြင်း၊ ပြည်သူများကို ပွင့်လင်းစွာ အသိပေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။
“ဒါတွေလုပ်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားတယ်။ Plan (အစီအစဉ်) တွေပါ တင်ပြထားတယ်”ဟု ဦးရဲထွဋ်နိုင်က ပြောသည်။
အဆင့်မြင့်ရေပေါ်ဈေးဆောက်မည့် မြေနေရာနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရက တာဝန်ယူမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့်အပိုင်းကို ကုမ္ပဏီက တာဝန်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရေပေါ်ဈေး လုပ်ခွင့်ရမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဦးရဲထွဋ်နိုင်က ပြောသည်။ အဆိုပါ ရေပေါ်ဈေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက တိုင်းဒေသကြီးအစိုးရအဖွဲ့က သဘောထားမှတ်ချက်တောင်းလာသည့်အပေါ် တိုင်းဒေသကြီးအစိုးရအစီအမံဖြင့် လုပ်ဆောင်ရန်ဖြစ်ခြင်းကြောင့် ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။
“ကျွန်တော်တို့ဌာနရဲ့ နယ်နိမိတ် (စီမံခန့်ခွဲမှု) ထဲမှာမရှိလို့ ကန့်ကွက်ရန်မရှိကြောင်းပေါ့ဗျာ”ဟု အထက်ပါ တိုင်းဦးစီးမှူးက ပြောသည်။
ကုမ္ပဏီက လက်ရှိအဆိုပြုထားသည့် မြေနေရာအပါအဝင် ထားဝယ်မြစ်ကမ်း တစ်လျှောက်တွင် ယခင်က သဲကျောက် လုပ်ငန်းများ၊ လက်ဖက်ရည်ဆိုင် အစရှိသည့်လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ မြေနေရာငှားရမ်းကာ လုပ်ကိုင်ခဲ့ကြသည်။ လက်ရှိအစိုးရလက်ထက်တွင် ထားဝယ်ကမ်းနားလမ်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်မည်ဟုဆိုကာ ၂၀၁၇ ခုနှစ်မှစကာ အထက်ပါလုပ်ငန်းများကို ရပ်နားစေခဲ့ပြီး မြေနေရာရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့သည်။ တိုင်းဒေသကြီးအစိုးရက ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်မှစတင်လုပ်ဆောင်နေပြီး လက်ရှိတွင် မြောင်းပုလဲတံတားမှ ကမ်းနားဈေးအနောက်ဘက်အထိ ပြီးစီးလုဖြစ်နေပြီဖြစ်သည်။
















