ညောင်တုန်းမြို့၏မြို့ကျက်သရေဆောင် ရှေးဟောင်း သမိုင်းဝင် မြို့ဦးမိုးဟုတ်စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) နံနက် အရုဏ်တက်တွင် ဆီမီး ၁၀ဝ၀၊ ကြာပန်း ၁၀ဝ၀၊ ဆွမ်း ၁၀ဝ၀၊ တံခွန် ၁၀ဝ၀ လှူဒါန်းပူဇော်ပွဲ၊ မီးထွန်းပွဲတော်၊ ဆီမီး ထွန်းညှိပူဇော်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်း ကျင်းပရေးဂေါပကအဖွဲ့မှ သိရသည်။
ထို့ပြင် အမှတ်(၂)ရပ်ကွက် လမ်းမတော်လမ်းရှိ အတု လမာရဇိန်ဘုရားရုပ်ပွားတော် မြတ်ကြီးကို ၁၂၅၃ ခုနှစ်က စတင်တည် ထောင်ခဲ့ရာ နှစ်ပေါင်း ၁၂၇ နှစ်ကျော်တိုင် ရှိပြီဖြစ်ရာ နှစ်စဉ် အဆိုပါသွန်းဘုရားကြီးတွင် သီတင်းကျွတ် လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၌ ပရဟိတအမျိုး သားလူငယ်များနှင့် ဘုရားဂေါပကအဖွဲ့တို့က ကြီးမှူး၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သီတင်း ကျွတ်မီးထွန်း ပွဲတော် ဆီမီးထွန်းညှိပူဇော်ကန်တော့ပွဲကို အစဉ်အလာ မပျက် စည်ကားစွာကျင်းပမည်ဖြစ်သည်။
ထို့အပြင် ဥသျှစ်လျှစေတီတော်တွင်လည်း သီတင်းကျွတ် လပြည့်နေ့ ညနေပိုင်းမှစ၍ အဆိုပါ ဘုရားများ၌ဆီမီးများ၊ ပန်းများ၊ လျှပ်စစ် ရောင်စုံမီးများဖြင့် စည်ကားစွာမီးထွန်းပွဲ တော်များ ကျင်းပသွားမည်ဖြစ်သည်။ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ပွဲတော်ရက်အတွင်း အတုလမာရဇိန် ဘုရားရုပ်ပွား တော်မြတ်ကြီးတွင် စတုဒိသာ အကျွေးအမွေးပေါင်းစုံဖြင့် ဘုရားဖူးလာဧည့် ပရိသတ်များအား စည်ကားစွာ ကျွေးမွေး လှူဒါန်းသွားမည်ဖြစ်သည်။ ထို့ပြင် အောင်ရတနာလမ်း၊ မိုးဟုတ်ဘုရားကြီးလမ်းတစ်လျှောက်၊ တောရကျောင်းလမ်း၊ ဘောဂလမ်း တစ်လျှောက်၊ သီတာလမ်း၊ ဉာဏဗလလမ်း နှင့် မြို့မလမ်းမတော်လမ်းတစ်လျှောက်တို့တွင် မြတ်စွာ ဘုရားအား ဆီမီးရောင်စုံ ထွန်းညှိပူဇော်ခြင်းများ၊ လျှပ်စစ် ရောင်စုံမီးသီး များထွန်းညှိပူဇော်ခြင်း၊ စတုဒိသာအကျွေး အမွေးများ၊ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ လှူဒါန်း ပေးကမ်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်လျက်ရှိသည်။
















