တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကန်ထရိုက်လေလံအား ကျပ်သိန်း ၃၀ဝ၀ ကျော်ဖြင့် ရောင်းချ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကန်ထရိုက်လေလံအား ကျပ်သိန်း ၃၀ဝ၀ ကျော်ဖြင့် ရောင်းချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ဈေးဆိုင်ခန်း နှင့် အထွေထွေ လေလံများကို ငွေကျပ် ၃၄၃၆ ဒသမ ၃ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 

၂၀၁၈ခုနှစ် တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးအခမ်းအနားကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် အောက်တိုဘာ၈ရက်မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ အိတ်ပိတ်ဈေးပြိုင်တင်ဒါဖွင့်ပွဲတွင် ပျံကျဈေးကောက်လုပ်ငန်းအတွက် လုပ်ငန်းရှင် ၅ ဦး၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) အတွက် ၅ဦး၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၂) အတွက်  ၅ဦး၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၃) အတွက် ၃ဦး၊ ဈေးဆိုင်ခန်းများ အရောင်းပြခန်းများ ချားရဟတ်နှင့် ကလေးကစားကွင်းလုပ်ငန်းများအတွက် လုပ်ငန်းရှင် ၆ ဦးတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ "ဒီနှစ်တင်ဒါပွဲကတော့ အေးအေးဆေးဆေးပြီးသွားတယ်။တင်ဒါရရှိတဲ့သူ လူပုဂ္ဂိုလ်အနေနဲ့၃ ယောက်နာမည်စာရင်း ပေါက်သွားတယ်။ အရင်နှစ်နဲ့မတူဘူး။ အရင်နှစ်ကဆိုအားလုံးကို ပေါင်းပြီးမှ တင်ဒါတစ်ခုတည်း ခေါ်လိုက်တယ်။ ဒီနှစ်မှာတော့ယာဉ်ရပ်နားဖို့ဆိုရင်လည်း၃ခုခွဲလိုက်တယ်။ ပျံကျဈေးသည်အတွက်တစ်ခု၊ ဆိုင်ခန်းတွေအတွက်တစ်ခုစီတင်ဒါ ခေါ်လိုက်တယ်။စည်းကမ်းချက်တွေလည်းနည်းနည်းပြင်ထားတယ်။လုံခြုံရေးအနေနဲ့ဆိုရင်လည်းရဲ၊ စည်ပင်တခြားဌာနဆိုင်ရာတွေကို ပွဲခင်းထဲပတ်ကြည့်ခိုင်းထားတယ်။ ဒီနှစ်မှာ ယာဉ်ရပ်နားခတွေသတ်မှတ်ထားတာထက်ပိုကောက်ရင် ကျွန်တော်တို့ချက်ခြင်းအရေးယူမှာပါ" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲအိတ်ပိတ်ဈေးပြိုင်တင်ဒါစည်းကမ်းချက်များ အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်တင်ဒါအောင်မြင်ရရှိသူမှတစ်ပါးအခြားသောတစ်ဆင့်ခံကန်ထရိုက်ဖြင့် ပြန်လည်ရောင်းချခြင်းများမပြုရန်၊ တင်ဒါရရှိသူများသည် ပွဲတော်ကျင်းပနေစဉ်နှင့်ပွဲတော်ကျင်းပပြီးစီးချိန်များတွင်သတ်မှတ်ပွဲခင်းနေရာများ၌သန့်ရှင်းရေးကိုတာဝန်ယူ ဆောင်ရွက်ရန်၊ ပျံကျဈေးကောက်လုပ်ငန်းအတွက်သတ်မှတ်ထားသောဧရိယာအတွင်းသာ ဆောင်ရွက်ရန်၊ ဆိုင်ခန်းများလုံးဝ ဆောက်လုပ်ခြင်းမပြုရန်၊ တောင်ကြီး-ကျောက်တလုံး လမ်းမကြီးတစ်လျှောက်ဆိုင်ခန်းများ ဆောက်လုပ်ရာတွင် ကွန်ကရစ်လမ်းနယ်နိမိတ်မှ အနောက်ဘက် ၆ ပေခွာ၍ ဆိုင်ခန်းများ ဆောက်လုပ်ရန်၊ ကဲလားနှင့် အဖီချထားခြင်းများအား လမ်းမပေါ်သို့မရောက်ရှိစေရန် စသည်တို့ကို သတ်မှတ်ထားကြောင်း သိရသည်။ 

ထို့ပြင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် ရပ်နားစခန်း လုပ်ငန်းအတွက် မော်တော်ဆိုင်ကယ်ရပ်နားခတစ်စီးလျှင် ငွေ၁၀ဝ၀ကျပ်နှုန်းထက် ပိုမို ကောက်ခံခြင်းမပြုရန်၊ မော်တော်ယာဉ်ရပ်နားခတစ်စီးလျှင် ငွေ၃၀ဝ၀ကျပ်နှုန်းထက်ပိုမို ကောက်ခံခြင်းများမပြုလုပ်ရန်နှင့်လာရောက်အပ်နှံထားသောယာဉ်များပျက်စီး ပျောက်ဆုံးခဲ့ပါက မော်တော်ဆိုင်ကယ် မော်တော်ယာဉ်ရပ်နားခွင့်တင်ဒါရရှိသူအနေဖြင့် ကာလတန်ဖိုးနှင့်အညီ ပေးလျော်ရန် စသည့် စည်းကမ်းချက်များကို သတ်မှတ်ထားကြောင်း သိရသည်။ 

"ဈေးဆိုင်တွေပေါ်မှာမူတည်ပြီးတော့ ကောက်ရမှာ ဖြစ်တယ်။နိမ့်ရင်နိမ့်သလို မြင့်ရင် မြင့်သလိုပေါ့။ဆိုင်ခန်းတွေကိုဘယ်လောက်ဈေးနှုန်းနဲ့ ကောက်သွားမယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ကိုယ့်အတွက်လည်းသက်သာစေ ပြည်သူလူထုအတွက်လည်းသက်သာစေပေါ့။ ဘာလို့လဲဆိုတော့ကြမ်းခင်းဈေးက မြောက်တယ်လေ။အခုလက်ရှိကျွန်မတို့အနေနဲ့သိန်း၉၀ဝ လောက် ရှုံးနေပါပြီ။မီးပုံးပျံကွင်းတစ်ကွင်းလုံးကိုမှ ကြမ်းခင်းဈေးကသိန်း၂၈၀ဝ လောက်ပဲရှိတယ်" ဟုတင်ဒါအများဆုံး အောင်မြင်ထားသည့် ဒေါ်စန်းစန်းမြင့်က ပြောသည်။ 

ယင်းသို့ လေလံရောင်းချရာတွင် ယာဉ်ရပ်နားစခန်းလုပ်ငန်း (၁) အတွက် ငွေကျပ်၁၀၅သိန်း၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း (၂) အတွက် ငွေကျပ်၁၀၇သိန်းနှင့်ယာဉ်ရပ်နားစခန်း (၃) အတွက် ငွေကျပ် ၁၀၃ သိန်းဖြင့် ဦးဆန်းမောင်မှ လည်းကောင်း၊ ပျံကျဈေးကောက်လုပ်ငန်းအတွက် ငွေကျပ် ၂၅၀ ဒသမ ၃သိန်းဖြင့် ဒေါ်အိဖြိုးဦးမှ လည်းကောင်း၊ ဈေးဆိုင်ခန်းများ၊ အရောင်းပြခန်းများ၊ ချားရဟတ်နှင့်ကလေးကစားကွင်းလုပ်ငန်းများအတွက် ငွေကျပ် ၂၈၇၁သိန်းဖြင့် ဒေါ်စန်းစန်းမြင့်မှ လည်းကောင်း အသီးသီးတင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။ 
ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ယာဉ်ရပ်နားခများအားသတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံခြင်းများရှိခဲ့ပြီး ယခုနှစ်တွင်သတ်မှတ်ထားသောစည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး