တရုတ်အနောက်ဖျား ရှင်ကျန်းဒေသရှိ လူနည်းစုဝင် မွတ်စလင်များဖြစ်သည့် ဝီဂါများအား အကျဉ်းစခန်းများတွင် ချုပ်နှောင်ထားခြင်းမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းပိုမိုများပြားလာရေးနှင့် အစွန်းရောက်အယူများကို စိတ်မဝင်စားသွားရေးတို့အတွက် တရုတ်မန်ဒရင်းဘာသာကိုသင်ယူစေပြီး ခေတ်သစ်သိပ္ပံပညာအယူအဆများကိုသာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း ရှင်ကျန်းဒေသအုပ်ချုပ်ရေးမှူး ရှိုရက် ဇာကီရ်က ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက အောက်တိုဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ဝီဂါများနှင့် ကာဇက်မွတ်စလင်များအား အသက်မွေးဝမ်းကြောင်းပညာများသင်ကြားပေးနေခြင်းဖြစ်ကြောင်း ဇာကီရ်က ပြောဆိုခဲ့သည်။ ဝီဂါအများစုနေထိုင်သည့် ရှင်ကျန်းဒေသ၌ အကြမ်းဖက်မှုများမဖြစ်ပွားစေရေးအတွက် မကြာသေးမီနှစ်များမှစ၍ လုံခြုံရေးတင်းကျပ်ပြီး အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သည်။
ဝီဂါများသည် ခေတ်မီပြီး ယဉ်ကျေးသော လူနေမှုပုံစံကိုလက်ခံလာပြီး တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုနှင့်သမိုင်းကြောင်းနှင့် မစိမ်းစေရန်အတွက် ယခုကဲ့သို့ သင်ကြားမှုများကိုပြုလုပ်နေရခြင်းဖြစ်ကြောင်း ဆင်ဟွာပါ ဖော်ပြချက်အရ သိရသည်။ သို့သော် ဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှု၊ ဓလေ့များအပေါ် ကန့်သတ်မှုများပြုလုပ်နေပြီး အလုပ်အကိုင်ခန့်ထားမှုနှင့်ပတ်သက်၍ ခွဲခြားမှုများရှိနေကြောင်း ဝီဂါများက ပြောဆိုခဲ့သည်။
အကျဉ်းစခန်းများတွင် ပါတီကြွေးကြော်သံများကို ရွတ်ဆိုရပြီး ဘာသာတရားကိုလည်း စွန့်လွှတ်ရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရကြောင်း အကျဉ်းကျခံရသူများက အေပီသတင်းဌာနကို ပြောပြခဲ့သည်။ သို့သော် သင်တန်းသားများအား အားကစားနှင့် ယဉ်ကျေးမှုပညာတိုု့သာ သင်ကြားပေးခြင်းဖြစ်ကာ သင်တန်းသားများသည် ယခင်က ဆင်းရဲချို့တဲ့သူများဖြစ်သောကြောင့် ခေတ်သစ်လူနေမှုဘဝရှိ အကျင့်အကြံများကို သိရှိနားလည်ပြီး အနာဂတ်နှင့်ပတ်သက်၍ ယုံကြည်မှုရှိစေရန် သင်တန်းပေးနေခြင်းသာဖြစ်ကြောင်း ဇာကီရ်က ပြောဆိုခဲ့သည်။

















