တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ပျောက်ဆုံးခဲ့သည့် အမေရိကန်နေ ဆော်ဒီ ဂျာနယ်လစ် ဂျမဲလ်ခါရှာဂီအရေးနှင့် ပတ်သက်၍ ဆော်ဒီဘုရင်နှင့်တွေ့ဆုံပြောဆိုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စေလွှတ်လိုက်သည့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် အောက်တိုဘာ ၁၆ ရက်၌ ဆော်ဒီအာရေဗျသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဝါရှင်တန်ပို့စ် ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး ဆော်ဒီဘုရင်မိသားစုကို ဝေဖန်ခဲ့သူလည်းဖြစ်သည့် ခါရှောဂီကို ကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအေးဂျင့်များက သတ်ဖြတ်ခဲ့ဖွယ်ရှိကြောင်း တူရကီအာဏာပိုင်များက ပြောဆိုခဲ့သည်။ ယင်းကိစ္စအဖြေရရှိရန် တူရကီတို့နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့ပြီးနောက် ပွမ်ပီယိုကို ဆော်ဒီသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ကောင်စစ်ဝန်ရုံးအတွင်း မည်သည့်ကိစ္စဖြစ်ပွားခဲ့သည်ကို အသိပေးရန် ငြင်းဆိုနေသည့် ဆော်ဒီဘုရင်နှင့် ၄င်း ပြောဆိုခဲ့ကြောင်းလည်း ထရမ့်က ထုတ်ပြန်ခဲ့သည်။ ထရမ့်စေလွှတ်ချက်အရ ပွမ်ပီယိုသည် ဆော်ဒီအာရေဗျသို့ သွားရောက်ပြီးနောက် အောက်တိုဘာ ၁၇ ရက်(ယနေ့)၌ တူရကီသို့ ဆက်လက်သွားရောက်ရန် မျှော်လင့်ရသည်။ ခါရှောဂီပျောက်ဆုံးမှုအား ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများမြင့်တက်နေပြီး ရီပတ်ဘလီကန် ခေါင်းဆောင် အထက်လွှတ်တော်အမတ်နှစ်ဦးကလည်း လက်နက်ရောင်းချမှုဆိုင်းငံ့ရေးအပါအဝင် အရေးယူမှုများ ဆောင်ရွက်ရန်အသင့်ရှိကြောင်း လွှတ်တော်တွင် ပြောဆိုခဲ့ကာ သမ္မတထရမ့်ကမူ ယင်းသို့ဆောင်ရွက်လိုခြင်း မရှိပေ။
တူရကီရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးသူများသည် ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ အောက်တိုဘာ ၁၅ ရက်နှောင်းပိုင်းက ဝင်ရောက်စုံစမ်းခွင့်ရခဲ့သော်လည်း ခါရှောဂီပျောက်ဆုံးပြီး ၁၃ ရက်ကြာမှ ဝင်ရောက်ခဲ့ခြင်းဖြစ်၍ အထောက်အထားများ တွေ့ရှိရန်ခဲယဉ်းခဲ့သည်။ အမည်မဖော်ပြသည့် ဆော်ဒီအရာရှိတစ်ဦးအဆိုအရ ဆော်ဒီဘုရင်က တူရကီနှင့် ဆော်ဒီ ပူးတွဲစုံစမ်းစစ်ဆေးမှုအရ ရရှိသည့်သတင်းများအခြေပြု၍ စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

















