မိုက္ကရိုဆော့ဖ်ကုမ္ပဏီကို ဘီလ်ဂိတ်နှင့်အတူ တွဲဘက်တည်ထောင်ခဲ့သည့် ပေါလ်အယ်လန်သည် အောက်တိုဘာ ၁၅ ရက်တွင် သွေးကင်ဆာရောဂါတစ်မျိုးကြောင့် ကွယ်လွန်ခဲ့သည်။ ၂၀ဝ၉ ခုနှစ်က ကုသခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်ပတ်က ယင်းကင်ဆာရောဂါ ပြန်လည်ပေါ်ပေါက်လာကာ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ပေါလ်အယ်လန် ကွယ်လွန်ခြင်းအတွက် ဘီလ်ဂိတ်က နှလုံးကြေကွဲမတတ် ဝမ်းနည်းရကြောင်း၊ ၄င်းသာတွဲဘက်လုပ်ကိုင်ခြင်းမပြုခဲ့လျှင် တစ်ကိုယ်ရေသုံးကွန်ပြူတာများ ပေါ်ပေါက်လာဖွယ်မရှိကြောင်း ပြောဆိုခဲ့သည်။
အောင်မြင်သည့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတအလှူရှင်အဖြစ် အသိအမှတ်ပြုခံရသူ အယ်လန်သည် ဘီလ်ဂိတ်နှင့်အတူ ၁၉၇၅ ခုနှစ် မိုက္ကရိုဆော့ဖ်နည်းပညာကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ မိုက္ကရိုဆော့ဖ်အောင်မြင်မှုကြောင့် ကွယ်လွန်ချိန်တွင် ရှယ်ယာ သန်း ၁၀ဝ ပိုင်ဆိုင်သည့် အယ်လန်သည် ဒေါ်လာ ၂၀ ဒသမ ၃ ဘီလျံကြွယ်ဝနေကာ ကမ္ဘာပေါ်တွင် ၄၆ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေသည်။
အယ်လန်သည် ၄င်း၏များစွာသောစီးပွားရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ပန်းများကိုစီမံရန် ဗာလ်ကန် ကုမ္ပဏီကိုလည်း ထူထောင်ထားသည်။ ထို့ပြင် ၄င်းသည် ဘောလုံးအသင်းတစ်သင်းနှင့် ဘတ်စ်ကက်ဘော အသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ထားသည်။ ဦးနှောက်ဆိုင်ရာသိပ္ပံသုတေသနနှင့် ကွန်ပြူတာဉာဏ်ရည်သိပ္ပံကဲ့သို့ အဖွဲ့အစည်းများစွာကိုလည်း ထူထောင်ခဲ့သည်။
အယ်လန်သည် ပညာရေး၊ သဘာဝတောရိုင်းတိရိစ္ဆာန် အရေးနှင့် ပတ်ဝန်းကျင်အရေး၊ အနုပညာ၊ ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့ ကဏ္ဍများစွာအတွက် ဒေါ်လာနှစ်ဘီလျံ(သန်းနှစ်ထောင်)ကျော် လှူဒါန်းခဲ့သည်။ ၄င်းသည် များပြားလှသည့်ကျွမ်းကျင်မှုများအတွက် အသိအမှတ်ပြုမှုနှင့် ဂုဏ်ပြုဆုများစွာ လက်ခံရရှိခဲ့ပြီး တိုင်းမဂ္ဂဇင်းကရွေးချယ်သည့် ကမ္ဘာကိုအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်များစာရင်းတွင် ၂၀ဝ၇ ခုနှစ်နှင့် ၂၀ဝ၈ ခုနှစ်တို့၌ ပါဝင်ခဲ့သည်။

















