ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုကာသံရုံးကိုလည်းဂျေရုဆလင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် အများပြည်သူ၏ သဘောထားကို ကြားနာဖို့ အသင့်ရှိကြောင်း သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က ပြောကြားလိုက်သည်။
အမေရိကန်အစိုးရ၏ မူဝါဒနှင့် လိုက်လျောညီအောင် သြစတြေးလျက အပြောင်းအလဲလုပ်လာသည့် သင်္ကေတအဖြစ် နိုင်ငံရေးသုံးသပ်သူများက ရှုမြင်ကြသည်။
ဂျေရုဆလင်ကို မြို့တော်အဖြစ် သတ်မှတ်ရေးအစ္စရေးနှင့် ပါလက်စတိုင်းကြား အငြင်းပွားမှုများတွင် နှစ်နိုင်ငံထူထောင် ဖြေရှင်းနည်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဆက်လက်ခံယူထားဆဲဖြစ်သည်ဟုလည်း မစ္စတာမောရစ်ဆန်က ပြောသည်။
“အခုကိစ္စနဲ့ ပတ်သက်ပြီးအများပြည်သူရဲ့ သဘောထားမှတ်ချက်တွေကို ကျွန်တော်တို့ အစိုးရက စိတ်တံခါးဖွင့်ပြီး လက်ခံနားထောင်သွားမှာ ဖြစ်ပါတယ်” ဟု မစ္စတာမောရစ်ဆန်ကပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်းမကြာသေးခင်ကပင် မစ္စတာမောရစ်ဆန်နှင့် ဆွေးနွေး ပြောဆိုခဲ့ကြောင်း၊ သြစတြေးလျ မူဝါဒအပြောင်းအလဲရှိလာခြင်းအတွက် ကြိုဆိုကြောင်းပြောသည်။
“ဂျေရုဆလင်ကိုအစ္စရေး မြို့တော်အဖြစ်နဲ့ အသိအမှတ်ပြုပြီး သံရုံးကိုလည်း တယ်လ်ဗီးကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတဲ့အကြောင်း မစ္စတာမောရစ်ဆန်ကပြောလာတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ရှေ့ဆက်ပြီးလည်းအစ္စရေးနဲ့ သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ ရှိပါတယ်” ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောသည်။
အမေရိကန်သမ္မတထရမ့် အစိုးရသည် ပြီးခဲ့သည့်နှစ်ပေါင်းများစွာ အမေရိကန်အစိုးရအဆက်ဆက်၏ မူဝါဒများကို ကျောခိုင်းကာ အစ္စရေးမြို့တော်အဖြစ် ဂျေရုဆလင်ကို အသိအမှတ်ပြုခဲ့ပြီး သံရုံးကိုလည်း မေလကတယ်လဗီးမြို့မှ ဂျေရုဆလင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။

















