ကိုရီးယားနယ်စပ် လက်နက်ဖြုတ်သိမ်းရေး၊ စစ်ဘက်ဇုန် ရုပ်သိမ်းရေး ကုလသမဂ္ဂ ကွပ်ကဲတပ်ဖွဲ့နှင့် ကိုရီးယားနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေး

ကိုရီးယားနယ်စပ် လက်နက်ဖြုတ်သိမ်းရေး၊ စစ်ဘက်ဇုန် ရုပ်သိမ်းရေး ကုလသမဂ္ဂ ကွပ်ကဲတပ်ဖွဲ့နှင့် ကိုရီးယားနှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေး

တောင်မြောက် ကိုရီးယား နှစ်နိုင်ငံကြားစည်းခြားထားသောနယ်စပ်စစ်ဘက်ဇုန်ရှိလက်နက်အားလုံးကို ဖြုတ်သိမ်းရှင်းလင်းကာစစ်ဘက်ဇုန်အဖြစ် ထားရှိခြင်းကိုပါ ရုပ်သိမ်းနိုင်ရေးအတွက် ကုလသမဂ္ဂ ကွပ်ကွဲအဖွဲ့နှင့် တောင်မြောက်ကိုရီးယား နှစ်နိုင်ငံတာဝန်ရှိသူများအောက်တိုဘာ ၁၆ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ကိုယ်စားလှယ်အဖွဲ့များသည် နယ်စပ်ရှိပန်မန်ဂျွန်ကျေးရွာတွင် တွေ့ဆုံခဲ့ကြသည်။ တောင်မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်အဖြစ် ပထမဆုံးအကြိမ် တွေ့ဆုံကာနယ်စပ် စစ်ဘက်လုံခြုံရေးဇုန် သတ်မှတ်ထားခြင်းကို ဖျက်သိမ်းရေးဆွေးနွေးခြင်းလည်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တောင်ကိုရီးယားသမ္မတမွန်းဂျေအင်တို့ ပြီးခဲ့သည့်လက ပြုံယမ်းတွင် တွေ့ဆုံပြီးနောက် နယ်စပ်ရှိခင်းထားသောမိုင်းများရှင်းလင်းရေးကိုတောင်ကိုရီးယားဘက်က စတင်အကောင်အထည်ဖော်ခဲ့သည်ကိုလည်း တွေ့ရသည်။ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးပါကနယ်စပ်လုံခြုံရေးဇုန်အတွင်းရှိကင်းစခန်းများနှင့် လက်နက်စခန်းများကိုလည်းဖယ်ရှားရန် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များသဘောတူညီခဲ့ကြသည်။ 
    ကိုရီးယားနှစ်နိုင်ငံစစ်ဘက် သဘောတူချက်များအရလည်း နှစ်နိုင်ငံနယ်စပ်တွင် နားလည်မှုလွဲမှားစေမည့် မလိုလားအပ်သောထိတွေ့မှုများလျော့ပါးစေရန် ကုန်းနှင့်ရေနယ်စပ်နှစ်ခုလုံးတွင် ကြားခံဇုန် ထူထောင်မည်ဖြစ်ကာ၊ လေယာဉ်မပျံသန်းရဇုန်လည်းသတ်မှတ်မည်ဖြစ်ပြီး၊ ရှေ့တန်းစခန်း ၁၁ ခုကိုလည်းဒီဇင်ဘာနောက်ဆုံးထားပြီးဖယ်ရှားမည်ဖြစ်သည်။