ယူဂန္ဓာရောက် အမေရိကန်ရက်ပါ ကန်ယေးဝက်စ် သမ္မတကို အားကစားဖိနပ်တစ်ရံလက်ဆောင်ပေး

ယူဂန္ဓာရောက် အမေရိကန်ရက်ပါ ကန်ယေးဝက်စ် သမ္မတကို အားကစားဖိနပ်တစ်ရံလက်ဆောင်ပေး

ယူဂန္ဓာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် ရက်ပါ ကန်ယေး ဝက်စ်က အိမ်ရှင် ယူဂန္ဓာသမ္မတ ယိုဝဲရီ မူဆာဗဲနီအား ၎င်း၏လက်မှတ်ရေးထိုးထားသည့် အားကစားဖိနပ်တစ်ရံကို အောက်တိုုဘာ ၁၅ ရက်တွင် လက်ဆောင်ပေးအပ်ခဲ့သည်။

ခေါင်းစွပ်ပါရှိသည့် အင်္ကျီဝတ်ဆင်ထားသည့် ဝက်စ်နှင့် မူဆာဗဲနီတို့တွေ့ဆုံနေသည့် ဓာတ်ပုံများကို ယူဂန္ဓာသမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ သို့သော် ယူဂန္ဓာတွင် မော်တော်ဆိုင်ကယ်စီးပြီး ရာဇဝတ်မှုများ ကျူးလွန်ခြင်း မပြုနိုင်ရန်အတွက် သမ္မတသည် ယခုနှစ်အစောပိုင်းတွင် ခေါင်းစွပ်ပါသည့် အင်္ကျီဝတ်ဆင်သူများအား အပြစ်ပေးနိုင်ရန်  ကြိုးပမ်းခဲ့ကြောင်း နိုင်ငံသားများက ဝေဖန်ထောက်ပြခဲ့သည်။
    ဝက်စ်နှင့် ၎င်းတို့သည် ခရီးသွားလုပ်ငန်းနှင့် အနုပညာတို့ကိုမြှင့်တင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများရှိခဲ့ကြောင်း အသက် ၇၄ နှစ်အရွယ် သမ္မတ ယိုဝဲရီ မူဆာဗဲနီက ပြောဆိုခဲ့သည်။ ထို့ပြင် မူဆာဗဲနီသည် ဝက်စ်နှင့် ဇနီး ရုပ်သံအစီအစဉ်သရုပ်ဆောင် ကင် ကာဒါရှီယံဝက်စ်တို့အား ယူဂန္ဓာအမည်များ ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်ဧည့်ဂေဟာက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။
    ဝက်စ်နှင့် ဇနီးတို့သည် ယူဂန္ဓာရှိ အမျိုးသားဥယျာဉ်တွင်း အပန်းဖြေခဲ့ကြသည်။ ဝက်စ်၏လုပ်ဆောင်မှုကြောင့် ယူဂန္ဓာ၏ခရီးသွားလုပ်ငန်းအကျိုးရှိလာနိုင်ကြောင်း ခရီးသွားလာရေးအရာရှိများက မျှော်လင့်ထားသည်။
    ယူဂန္ဓာတွင် မကြာသေးမီက ပေါ့အဆိုတော်ဘဝမှ အတိုက်အခံလွှတ်တော်အမတ်ဖြစ်လာသည့် ဘောဘီ ဝိုင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရကြောင်း ပြောဆိုခဲ့ပြီးနောက် နိုင်ငံတွင်း ဆန္ဒပြမှုများဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လုပ်ရပ်များနှင့်ပတ်သက်၍ ဖြေရှင်းချက်ထုတ်ပေးရန် ဆန္ဒပြသူများက မူဆာဗဲနီအား တောင်းဆိုခဲ့ကြသည်။ နှိပ်စက်ညှဉ်းပန်းခြင်း မရှိခဲ့ကြောင်း အစိုးရက ပြောဆိုခဲ့သည်။
    ယူဂန္ဓာရှိ များပြားသော လူငယ်များသည် အလုပ်အကိုင်မဲ့မှုနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေပြီး သမ္မတသည် အများပြည်သူနှင့် ကင်းလွတ်နေပြီဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ အစိုးရသည် မကြာသေးမီတွင် လူမှုမီဒီယာအသုံးပြုမှုအပေါ် အခွန်ကောက်ခံခဲ့ပြီး သမ္မတ၏အသက်အရွယ်ကိုကန့်သတ်ထားမှုကို ဖယ်ရှားသည့်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ယင်းကြောင့် မူဆာဗဲနီသည် နိုင်ငံကို အသက်ထက်ဆုံး အုပ်ချုပ်တော့မည်ဟု စိုးရိမ်မှုများရှိလာခဲ့သည်။