ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ ရှစ်ဦးအပါအဝင် ၁၃ဦး မိုးကြိုးပစ်ခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်

ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ ရှစ်ဦးအပါအဝင် ၁၃ဦး မိုးကြိုးပစ်ခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တီတွတ်ပြင် အထက်တန်းကျောင်း(ခွဲ) ရှိ ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးနှင့် မူလတန်းပြ ဆရာမတစ်ဦးအပါအဝင် ၁၃ ဦး မိုးကြိုးပစ်ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အောက်တိုဘာ ၁၅ ရက် ညနေ သုံးနာရီခန့်တွင် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် ယင်းကျောင်းမှ ဆဋ္ဌမတန်းကျောင်းသူ လေးဦး၊ တတိယတန်းကျောင်းသူ သုံးဦး၊ ပထမတန်းကျောင်းသားတစ်ဦးနှင့် မူလတန်းပြဆရာမတစ်ဦး မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ယင်းကျောင်းသားများမှာ နှစ်ဝက်စာမေးပွဲ မြန်မာစာဖြေဆိုအပြီး နောက်ရက်တွင် ဖြေဆိုမည့် အင်္ဂလိပ်စာဘာသာအတွက် ကျောင်းဆောင်အတွင်း စာကျက်နေစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပညာရေးမှူးက ပြောသည်။ 

“စာကျက်နေတဲ့ကျောင်းသားက စုစုပေါင်းဆယ့်ငါးယောက်လောက်ရှိတယ်။ အဲဒီအထဲကမှ ဒီကလေး ၈ ယောက်နဲ့ ဆရာမကို စက်ကွင်းမိသလိုဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။ 
မိုးကြိုးပစ်ခံရသည့် ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများကို သရက်ချောင်းမြို့နယ်ဆေးရုံသို့ ချက်ချင်းတင်ပို့ပေးထားပြီး စိုးရိမ်စရာမရှိကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။

စာမေးပွဲကိုလည်း ဆေးရုံ၌ပင် ဆက်လက်ဖြေဆိုရန် မြို့နယ်ပညာရေးမှူးမှတစ်ဆင့် မိုးကြိုးပစ်ခံရသည့်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးကို ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ ယင်းကျောင်းသူ၊ ကျောင်းသားရှစ်ဦးနှင့် ဆရာမအပြင် ယင်းကျောင်းအနီးအနားတွင် နေထိုင်သည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးမှာလည်း မိုးကြိုးပစ်ခံခဲ့ရသူများထဲတွင် ပါဝင်ကြောင်း သရက်ချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။ 
မိုးကြိုးပစ်ခံရသူအားလုံးသည် အသက်အန္တရာယ်မစိုးရိမ်ရဘဲ ထိခိုက်ဒဏ်ရာအနည်းငယ်စီသာ ရရှိကြကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။

ရာသီဥတု အကူးအပြောင်းကာလတွင် လျှပ်စစ်မိုးတိမ်တောင်များ ရုတ်တရက်ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်ခြင်း၊ ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။ 
“မိုးကြိုးလိုမျိုး သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသူ၊ ကျောင်းသားတွေကိုရော အသိပညာများများပေးဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။ 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မိုးကြိုးပစ်ခံရခြင်းကြောင့် လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး