ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်စာရင်းစစ်ကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေဖြင့် စသုံးလုံး အမှုဖွင့်

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်စာရင်းစစ်ကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေဖြင့် စသုံးလုံး အမှုဖွင့်

ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း တွဲဖက်စာရင်းစစ် ဦးညီညီဦး(ခ)လှလေးစိန်ကို ဒေါ်လာဈေးတက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၄၂ ဖြင့် ပန်းဘဲတန်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က မြန်မာတိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။ 

“ ကျွန်တော်တို့ အခုအမှုဖွင့်ထားတဲ့ နိုင်ငံခြားငွေကို စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ နဲ့ ညိစွန်းလို့ အမှုဖွင့်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ 

ဒေါ်လာဈေးကစားသူများကို စက်တင်ဘာလ နောက်ဆုံးပတ်ကစတင်၍ ခေါ်ယူစစ်ဆေးခဲ့ရာ လက်ရှိအချိန်ထိ ဆယ်ဦးကျော်ကိုခေါ်ယူစစ်ဆေးခဲ့ပြီးဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါဆယ်ဦးကျော်မှ ၆ဦးကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေဖြင့် ကျောက်တံတား၊ ပန်းဘဲတန်းနဲ့ ပုဇွန်တောင်ရဲစခန်းတို့တွင် အမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ဆိုသည်။ 

"ဒေါ်လာငွေဈေးကစားမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ခေါ်ယူစစ်ဆေးခဲ့တာ ဆယ်ယောက် မကတော့ဘူး။ ဆယ်ယောက်တော့ကျော်သွားပါပြီ။ အရင်၅ယောက်ကို အမှုဖွင့်ထားတယ်။ အခု တစ်ယောက်နဲ့ဆိုရင်စုစုပေါင်း ၆ယောက်ကို အမှုဖွင့်ထားပြီးဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။ 

ယင်းကဲ့သို့ ဒေါ်လာဈေးကစားသူများကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၁၆၃၅ကျပ် အထိ စံချိန်တင် မြင့်တက်ခဲ့သည့် အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ ၁၅၁၅ကျပ်ထိ ပြန်လည် ကျဆင်းလာခဲ့ပြီး အောက်တိုဘာပထမပတ်တွင် ၁၅၅၀ကျော်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။

မည်သူမဆို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုး မရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံပစ္စည်း များကို လည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်ဟု နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၄၂တွင် ပြဌာန်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး