ဆပ်ပြာခွက်များဖြင့် သယ်လာသည့် ဘိန်းဖြူ ဂရမ်တစ်သောင်းကျော် ဖမ်းမိ

ဆပ်ပြာခွက်များဖြင့် သယ်လာသည့် ဘိန်းဖြူ ဂရမ်တစ်သောင်းကျော် ဖမ်းမိ

မိုးကုတ်မြို့နယ်တွင် ဆပ်ပြာခွက်များဖြင့် သယ်ယူလာသည့် ဘိန်းဖြူ ၁၀၁၀၈.၅ ဂရမ်ကို သက်ဆိုင်ရာက အောက်တိုဘာ ၁၆ ရက်နေ့က ဖမ်းဆီးခဲ့သည်။ 

အဆိုပါနေ့ နံနက် ၃ နာရီ ၁၅ မိနစ်တွင် မိုးကုတ်မြို့နယ်၊ လယ်ကြီးတံတား၌ မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးကို မသင်္ကာ၍ တံတားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရန်တားဆီးခဲ့သည်။ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသောကြောင့် သက်ဆိုင်ရာက လျှိုများအတွင်း တောနင်းရှာဖွေခဲ့သည်။ နံနက် ၇ နာရီအချိန်တွင် ညောင်ကုန်းရွာအနီး တောင်အဆင်းခြုံတောထဲ၌ ပုန်းအောင်းနေသူ ကျော်စိုး(ခ)အိုက်စိုင်းအား RJ Star-125 အနက်ရောင်ဆိုင်ကယ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ 

ဆိုင်ကယ်ပေါ်တွင်ပါရှိသော ခြင်းတောင်းများအတွင်း ဆာလာအိတ်များဖြင့်ထုပ်ပြီး တိပ်များပတ်လျက် ဘိန်းဖြူများထည့်ထားသည့် ရောင်စုံဆပ်ပြာခွက် ၁၁ ခွက်စီပါအထုပ်ကြီး ၃၈ ထုပ်နှင့် ဆပ်ပြာခွက် ၁၀ ခွက် ပါအထုပ်ကြီး ၁ ထုပ်၊ စုစုပေါင်းဆပ်ပြာခွက် ၄၂၈ ခွက်အား တွေ့ရှိသိမ်းဆည်းခဲ့သည်။ 
၄င်းနှင့်အတူ လာသည့် Kenbo-125 အပြာရောင်ဆိုင်ကယ်ကို ညောင်ကုန်းရွာတောင်ဘက်(၂) မိုင်ခန့်အကွာ လမ်းဘေးတောအတွင်း ချောင်းကမ်းစပ်တွင် တွေ့ရှိခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ တိမ်းရှောင်သွားခဲ့သည်။ 

ဆိုင်ကယ်ပေါ်ပါရှိသည့် ခြင်းတောင်းများအတွင် ဆာလာအိတ်များဖြင့် ထုပ်ပြီး တိပ်များ ပတ်လျက်ဘိန်းဖြူများထည့်ထားသည့် ရောင်စုံဆပ်ပြာခွက် ၁၁ ခွက်စီပါ အထုပ်ကြီး ၄၁ ထုပ်၊ ဆပ်ပြာခွက် ၄၅၁ ခွက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် မိုးကုတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။