မော်လမြိုင်မြို့နယ်တွင် လိုင်စင်မဲ့ယာဉ်ကို လိုက်လံဖမ်းဆီးသူ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှင့် အရပ်သားတစ်ဦး တို့ကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သူ နိုင်ပိုက်ထွေး(ခ) ဇော်မင်းဦးကို သက်ဆိုင်ရာက ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် စာတိုက်လမ်းထောင့် တွင် ဖမ်းဆီးရမိခဲ့သည်။ အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့ ဈေးကြိုအနီး၌ လိုင်စင်မဲ့ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က တားဆီးရာ ရပ်မပေးဘဲ မောင်းပြေးသဖြင့် အမှတ် (၇၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ် မျိုးဇော်ဦးနှင့် ဒု ရဲတပ်ကြပ် သက်ကိုဦးတို့က ဆိုင်ကယ်နှင့် နောက်မှ လိုက်လံဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် မြိုင်သာယာရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်အရောက်၌ အဆိုပါယာဉ်ရှေ့တွင် ဆိုင်ကယ်ကို ပိတ်ရပ်ခဲ့သည်။ ဆိုင်ကယ်ကိုဝင်တိုက်ကာ တိမ်းမှောက်စဉ် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ သေနတ်ဖြင့်ပစ်ခတ်စဉ် အရပ်သားတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယာဉ်ပေါ်တွင် တွေ့ရှိရသည့် စစ်ဆေးရေးကတ်ပြားအရ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ကော့တုံဌာနချုပ်မှ ဒေသသတင်းစုဆောင်းရေးတာဝန်ခံ ဒုဗိုလ်အဆင့်ရှိသူ နိုင်ပိုက်ထွေးဆိုသူဖြစ်ကြောင်း သက်ဆိုင်ရာက သိခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားစဉ် သုံးခဲ့သည့် သေနတ်ကို အခင်းဖြစ်နေရာ ရေမြောင်းတွင်းနှင့် အသုံးပြုခဲ့သည့် ကျည်ဆန်ခွံ ၄ ခုကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည့် နိုင်ပိုက်ထွေး၏ယာဉ်ကို စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ ပြားကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။ ၄င်းထွက်ပြေးတိမ်းရှောင်မှုနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ကော့တုံဌာနချုပ်မှ အဖွဲ့ခေါင်းဆောင်ကို တွေ့ဆုံကာ ထွက်ပြေးတိမ်းရှောင်သူ နိုင်ပိုက်ထွေးကို ဖမ်းဆီးအပ်နှံရန် ပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ဖမ်းဆီးရမိသူ နိုင်ပိုက်ထွေးကို သက်ဆိုင်ရာက အမှုဖွင့်ကာ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

















