မိလ္လာကျင်းအတွင်း ဖုန်းကျသွားသဖြင့် ဆင်းယူသူ ၁၀ တန်းကျောင်းသား ၄ ဦး သေဆုံး

မိလ္လာကျင်းအတွင်း ဖုန်းကျသွားသဖြင့် ဆင်းယူသူ ၁၀ တန်းကျောင်းသား ၄ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ရှိ မိလ္လာကျင်းတစ်ခုအတွင်း လက်ကိုင်ဖုန်းကျသွားသဖြင့် ဆင်း၍ဆယ်ယူခဲ့သူ ၁၀ တန်းကျောင်း သား ၄ ဦး အောက်ဆီဂျင်ပြတ်သေဆုံးခဲ့မှု ယနေ့ အောက်တိုဘာ ၁၇ ရက်  မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။ 

ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် နတ်မောက်မြို့ ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာရှိ ဘော်ဒါ ဆောင်တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ လူငယ် ၄ ဦးမှာ နတ်မောက်မြို့ နယ် ဈေးကုန်း၊ မင်းအိုင်၊ လက္ခုပ္ပင်ကျေးရွာများတွင် နေထိုင်သူ ၃ ဦး နှင့် ရန်ကုန်မှ ဘော်ဒါဆောင် လာရောက်နေထိုင်သူ တစ်ဦးတို့လည်း ပါဝင်သည်။ 

'' ဈေးကုန်းတောင်ဘက်က ဘော်ဒါဆောင်မှာဖြစ်တာပါ။ သေတဲ့သူတွေက ၁၀ ကျောင်းသားတွေ မိလ္လာကျင်းထဲ ဖုန်းပြုတ်ကျလို့ တစ်ယောက်ပြီး တစ်ယောက်ဆင်းပြီးကောက်ရင်း မူးလဲပြီး အသက်ပါသွားတဲ့အထိပါပဲ" ဟု ဈေးကုန်းရွာနေ ကိုမိုးက ပြောသည်။ 

သေဆုံးသူလူငယ်များ၏ အလောင်းများကို သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

'' ကျွန်တော်တို့လည်း လွှတ်တော်အခုမှပြီးလို့ ဒီသတင်းကြားကြားချင်း အဲဒီကို သွားနေတယ်။ အသေးစိတ်မသိလို့ ပြောလို့ မရဘူးဖြစ်နေတယ်" ဟု နတ်မောက်မြို့နယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး