မိမိ၏ဒဏ်ရာ အချိန်မည်မျှနားရမည်ကို မသိသေးဟု မောင်မောင်လွင် ဆို

မိမိ၏ဒဏ်ရာ အချိန်မည်မျှနားရမည်ကို မသိသေးဟု မောင်မောင်လွင် ဆို

ဘာရိန်းလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အချိန်ကာလ မည်မျှနားရမည်ကို မသိရှိရသေးကြောင်း မြန်မာ့လက်ရွေးစင်အသင်း ကွင်းလယ်လူ မောင်မောင်လွင်က ၎င်း၏ လူမှုကွန်ရက်၌  ပရိသတ်များအား အသိပေးခဲ့သည်။

ဆန္ဒပြင်းပြ

ပြီးခဲ့သည့် အောက်တိုဘာ ၁၆ရက် မြန်မာစံတော်ချိန် ည ၁ဝနာရီ ၄၅မိနစ်က ဘာရိန်းနိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့် ဘာရိန်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲ ပထမပိုင်းတွင် မောင်မောင်လွင်မှာ ခါး၌ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသည်။ ၎င်း၏ ဒဏ်ရာမှာ မည်မျှနားရမည်ကို မသိရှိရသေးဘဲ မြက်ခင်းစိမ်းပေါ်သို့ အမြန်ဆုံးပြန်လာရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း မောင်မောင်လွင်က ရေးသားခဲ့သည်။

ပိုမိုနာကျင်စေ

" နိုင်ငံနဲ့မြန်မာပြည်သူတွေအတွက် ပေးဆပ်လိုက်ရတဲ့ ကျွန်တော်ရဲ့ ဒဏ်ရာတွေထက် အသင်းရဲ့အရှူံးရလဒ်က ကျွန်တော်ကို ပိုမိုနာကျင်စေပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့် ခါးတော်တော် နာကျင်နေပါတယ် (နေမာ လို အဖြစ်မျိုး)ပါ။ ဘယ်လောက်နားရမယ် မသိပါဘူး။ ကျွန်တော် အသင်းအတွက် အရာအားလုံး ပေးဆပ်ဖို့ ပြင်ထားတာပါ။  ဒဏ်ရာတွေပျောက်ကင်းတဲ့အထိပေါ့။ 

ပရိတ်သတ်ကြီးလဲ မစိုးရိမ်ပါနဲ့ ကျွန်တော် မောင်မောင်လွင်ပါ။ ဒဏ်ရာတွေကို အံတုထားပါတယ်။ ဘောလုံးပွဲတစ်ပွဲ မှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ ဘောလုံးအားကစားက ဒဏ်ရာ မရဖို့က ၅ဝရာခိုင်နှုန်း၊ ဒဏ်ရာ ရဖို့က ၅ဝရာခိုင်နှုန်း ဒွန်တွဲနေတာပါ။  ကျွန်တော် မြက်ခင်းစိမ်းပေါ် အမြန်ဆုံး ပြန်လာပါမယ်။ ကျွန်တော် ဖိုက်တာ တစ်ယောက်ပါ" ဟု ရေးသားဖော်ပြေခဲ့သည်။

မောင်မောင်လွင်၏ ဒဏ်ရာ ပြင်းထန်ခဲ့ပါက နိုဝင်ဘာ ၈ရက်တွင် စတင်မည့် ဆူဇူကီးပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေသည်။ လက်ရှိအချိန်တွင် မြန်မာအသင်း၌ အားထားရသည့် တိုက်စစ်မှူး အောင်သူမှာ လက်ကောက်ဝတ်အရိုးအက် ဒဏ်ရာရရှိနေသလို ကျော်ကိုကိုမှာလည်း ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရ၍ ဆူဇူကီးပြိုင်ပွဲ၌ မြန်မာအသင်းတိုက်စစ်မှာ ရုန်းကန်ရဖွယ်ရှိနေသည်။



ဖတ်ရှုမှုအများဆုံး