အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်၌ ၂၀၁၄ ခုနှစ်က အမျိုးသမီးလေးဦးနှင့် အသက် ၁၈ လသားအရွယ် ကလေးငယ်တစ်ဦးတို့ကိုသတ်ဖြတ်ခဲ့မှုဖြင့် ဂုရုကြီးတစ်ဦးနှင့် နောက်လိုက်နောက်ပါ ၁၄ ဦးတို့အား တရားရုံးတစ်ရုံးက အောက်တိုဘာ ၁၆ ရက်တွင် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပြီဖြစ်သည်။
အသက် ၆၇ နှစ်အရွယ် ဂုရုကြီး ဆန် ရမ်ပယ်အား ဟီဆာမြို့ရှိ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဂုရုကို လေးစားကြည်ညိုသူထောင်ပေါင်းများစွာက အကြမ်းဖက်လာနိုင်ခြေရှိသောကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို လုံခြုံရေးစောင့်ကြပ်စေခဲ့ရသည်။
၂၀၁၄ ခုနှစ်တွင် ရမ်ပယ်၏အာရှရမ်ကျောင်းတော်သို့ ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရမ်ပယ်ကိုကိုးကွယ်သူများကြား ရက်သတ္တပတ် တစ်ပတ်ကြာ ထိပ်တိုက်ဆုံမှုအတွင်း လူခြောက်ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
၂၀ဝ၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုနှင့်ဆက်စပ်၍ ရဲတပ်ဖွဲ့ဝင်များက ရမ်ပယ်ကို လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရုံးတော်သို့လာရောက်ရန် ဆင့်ခေါ်မှုများကို ရမ်ပယ်သည် လိုက်နာရန် အကြိမ် ကြိမ်ပျက်ကွက်ခဲ့သည်။
ထိပ်တိုက်ဆုံမှုအတွင်း ရမ်ပယ်နှင့် နောက်လိုက်နောက်ပါ ၁၄ ဦးတို့သည် အမျိုးသမီးလေးဦးနှင့် ကလေးငယ်တစ်ဦးတို့ကို ချုပ်နှောင်ထားခဲ့ပြီး ယင်းကဲ့သို့ ချုပ်နှောင်ထားချိန်အတွင်း အစာငတ်ရေငတ်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။
ပဉ္စမမြောက်အမျိုးသမီးတစ်ဦးသည်လည်း အာရှရမ်ကျောင်းတော်၌ ချုပ်နှောင်ခံခဲ့ရပြီး ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခဲ့သည်။ အဆိုပါအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ စီရင်ချက်ချမှတ်ဦးမည်ဖြစ်သည်။
အိန္ဒိယ၌ ဟိန္ဒူဂုရုကြီးများကို ကိုးကွယ်ယုံကြည်သူသန်းပေါင်းများစွာရှိနေသည်။ လူများသည် ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်များမချမှတ်မီတွင် ဂုရုကြီးများကို တိုင်ပင်လေ့ရှိသည်။ သို့သော် ဂုရုကြီးများသည် ရရှိထားသည့် အဆင့်အတန်းကိုအသုံးချပြီး ကိုးကွယ်ယုံကြည်သူများကို အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့သည်။

















