ဆေးခြောက်လက်ဝယ်ထားရှိမှုနှင့် တစ်ကိုယ်ရေသုံးစွဲမှုကို ဥပဒေဖြင့် အတည်ပြုပေးမှုနှင့်ပတ်သက်၍ ကနေဒါသည် ဥရုဂွေးနိုင်ငံပြီးနောက် ဒုတိယမြောက် နိုင်ငံဖြစ်လာပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဆေးခြောက်ရောင်းချသည့် ဈေးကွက်ကို အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။ ဆေးခြောက်လက်ဝယ်ထားရှိခွင့်နှင့် တစ်ကိုယ်ရေသုံးစွဲခွင့်ပြုကြောင်း အတည်ပြုပေးသည့် ဥပဒေနှင့်ပတ်သက်၍ မိသားစု ၁၅ သန်းထံသို့ သတင်းအချက်အလက်များပေးပို့လိုက်ပြီဖြစ်သည်။
ကနေဒါရှိ ခရိုင်များနှင့် စည်ပင်သာယာနယ်မြေများသည် ဆေးခြောက်လက်ဝယ်ထားရှိမှုနှင့် သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းများကို ကိုယ်စီရေးဆွဲရမည်ဖြစ်သည်။ နယူးဖောင်းလန့်ရှိ ဆေးခြောက်အရောင်းဆိုင်များသည် အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဆိုင်များဖြစ်လာခဲ့သည်။
ဆေးခြောက်ဝယ်လိုအားများပြားလာမှုကြောင့် ဆေးခြောက်ပြတ်လပ်မှုများရှိလာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ ကနေဒါရှိ လူဦးရေအထူထပ်ဆုံးခရိုင်ဖြစ်သည့် အွန်တေရီယို၌ မြို့နေများသည် ဆေးခြောက်များကို အွန်လိုင်းမှတစ်ဆင့် မှာယူနိုင်သော်လည်း လက်လီအရောင်းဆိုင်များကိုမူ လာမည့်နွေဦးမှသာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
ဆေးခြောက်သုံးစွဲမှုအများဆုံးရှိနေသည့် ဗြိတိသျှကိုလံဘီယာခရိုင်၌ အောက်တိုဘာ ၁၇ ရက်တွင် ဆေးခြောက်အရောင်းဆိုင်တစ်ဆိုင်ကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။
ဝန်ကြီးချုပ် ယာစတင် ထရူဒိုးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ကတိများအနက် ကတိတစ်ခုကို အကောင်အထည်ဖော်သည့်အနေဖြင့် ဆေးခြောက်ရောင်းဝယ်သုံးစွဲမှုကို ဥပဒေဖြင့် အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
ကနေဒါနိုင်ငံသားများသည် ကမ္ဘာပေါ်တွင် ဆေးခြောက်အသုံးစွဲဆုံးသူများဖြစ်သောကြောင့် ဆေးခြောက်ရောင်းဝယ်သုံးစွဲခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ရာစုနှစ်တစ်ခုကြာ ဥပဒေများသည် ထိရောက်မှုမရှိတော့ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ဆေးခြောက်ရောင်းချမှုမှ အခွန်အဖြစ် တစ်နှစ်လျှင် ဒေါ်လာ သန်း ၄၀ဝ ခန့်ရရှိနိုင်ခြေရှိနေကြောင်း ပြည်ထောင်စုအစိုးရက ခန့်မှန်းထားသည်။ ဆေးခြောက်လက်ဝယ်ထားရှိမှုသည် ကနေဒါ၌ ၁၉၂၃ ခုနှစ်ကတည်းက ရာဇဝတ်မှုအဖြစ်သတ်မှတ်ခံခဲ့ရသော်လည်း ၂၀ဝ၁ ခုနှစ်မှစ၍ ဆေးခြောက်ကို ဆေးကုသရေးတွင် တရားဝင်သုံးစွဲခွင့်ပြုခဲ့သည်။
အရွယ်ရောက်ပြီးသူများသည် တစ်ခါဝယ်ယူလျှင် ဆေးခြောက် ၃၀ ဂရမ်( တစ်အောင်စ)ကို လက်လီဆိ်ုင်များနှင့် လိုင်စင်ရထုတ်လုပ်သူများထံမှ ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ ဆေးခြောက်ပါသော အစားအစာများကို ဥပဒေသက်ရောက်ပြီး တစ်နှစ်အတွင်း ရောင်းချခွင့်ရရှိမည်ဖြစ်သည်။
အများပြည်သူဆိုင်ရာများတွင် ဆေးခြောက် ၃၀ ဂရမ်ထက်ကျော်လွန်ပြီး လက်ဝယ်ထားရှိခြင်း၊ တစ်အိမ်ထောင်လျှင် ဆေးခြောက်ပင်လေးပင်ထက်ပိုပြီး စိုက်ပျိုးခြင်းနှင့် လိုင်စင်မရှိသည့် ရောင်းချသူထံမှ ဝယ်ယူခြင်းတို့သည် ဥပဒေချိုးဖောက်ခြင်းဖြစ်သည်။ အရွယ်မရောက်သေးသူများအား ဆေးခြောက်ရောင်းချပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

















