တူရကီရှိ ဆော်ဒီသံရုံးအတွင်း ပျောက်ဆုံးခဲ့သည့် ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှောဂီအရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ရီယာ့ဒ်မြို့တွင် ဆော်ဒီဘုရင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အောက်တိုဘာ ၁၇ ရက်တွင် တူရကီသို့ သွားရောက်ခဲ့သည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ တူရကီရဲတပ်ဖွဲ့က ဝင်ရောက်စူးစမ်းခဲ့ရာ ဂျမဲလ် ခါရှောဂီအသတ်ခံခဲ့ရသည့် သဲလွန်စအချို့တွေ့ရှိရကြောင်း တူရကီအာဏာပိုင်များက ပြောဆိုခဲ့သည်။ ကောင်စစ်ဝန်ရုံး၏ အချို့အစိတ်အပိုင်းအချို့တွင် မကြာမီကမှ ဆေးပြန်သုတ်ထားသည်နှင့် အဆိပ်အသုံးပြုခဲ့သည့် သဲလွန်စများကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေးရစ် အာဒိုဂမ်က အောက်တိုဘာ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။
ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်ဖြစ်ပြီး ဆော်ဒီဘုရင်မိသားစုကိုဝေဖန်ခဲ့သည် ဆော်ဒီဂျာနယ်လစ် ခါရှောဂီသည် တူရကီအမျိုးသမီးချစ်သူနှင့် လက်ထပ်နိုင်ရန် အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း စာရွက်စာတမ်းကိစ္စနှင့် အောက်တိုဘာ ၂ ရက်၌ ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအေးဂျင့်တစ်စုက သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း တူရကီတို့ကစွပ်စွဲထားပြီး ဆော်ဒီက ငြင်းဆိုကာ အဖြစ်မှန်ဖော်ထုတ်ပေးရန် ဆော်ဒီအာဏာပိုင်တို့အပေါ် နိုင်ငံတကာဖိအား သက်ရောက်ခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်၏ စေလွှတ်မှုဖြင့် ပွမ်ပီယိုသည် ဆော်ဒီအာရေဗျသို့သွားရောက်ကာ ဘုရင်ဆဲလ်မန်၊ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆဲလ်မန်တို့နှင့် တံခါးပိတ်တွေ့ဆုံခဲ့သည်။ ရီယာ့ဒ်မှမထွက်ခွာမီ ပွမ်ပီယိုက ခါရှောဂီအသတ်ခံရမှုအတွက် တာဝန်ရှိသူများ တာဝန်ခံခြင်းမှ ကင်းလွတ်မည်မဟုတ်ဟု ပြောဆိုခဲ့သည်။
ဆော်ဒီဘုရင့်မိသားစုအား အရေးယူရန် နိုင်ငံတကာတိုက်တွန်းမှုများ ပေါ်ပေါက်နေပြီး အမေရိကန်၏ လက်နက် ရောင်းချမှုဆိုင်းငံ့ရန် တွန့်ဆုတ်နေသော်လည်း သမ္မတထရမ့်က ခါရှောဂီပျောက်ဆုံးမှုတွင် ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















