အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း မိုးခေါင်ရေရှားကပ်ဘေး ကြီးစိုးနေသဖြင့် ပြည်သူအများ မိုးခေါင်မှုဘေး ကင်းဝေးရာသို့ ပြောင်းရွှေ့ရနှုန်းသည် တာလီဘန် ပဋိပက္ခကြောင့် ပြောင်းရွှေ့ရနှုန်းထက်ပင် ပိုများနေပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း အာဖဂန် မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် မိုးခေါင်ရေရှားမှုကြောင့် ပြည်သူ နှစ်သိန်းကျော်သည် မိုးလေမှန်သည့် အခြားဒေသများသို့ ရွှေ့ပြောင်းခဲ့ရပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာတပ်ဖွဲ့များ အာဖဂန်တွင် တိုက်ခိုက်ရေးတာဝန်များ ရပ်ဆိုင်းလိုက်ချိန်နောက်ပိုင်း တာလီဘန် အကြမ်းဖက်မှုများ မြင့်တက်လာမှုကြောင့် ပြည်သူအများ ဒုက္ခကြုံနေရချိန်တွင် မိုးခေါင်မှုဘေးကြောင့်လည်း ဒုက္ခပိုမိုကြီးထွားလျက် ရှိနေသည်။
၂၀ဝ၁ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များ အာဖဂန်သို့ ဝင်ရောက်ကာ တာလီဘန်များကို ဖြိုခွင်းခဲ့သော်လည်း တာလီဘန်များက ယခုအခါ ထိုစဉ်ကထက်ပင် နယ်မြေဧရိယာ ပိုကျယ်ကျယ် သိမ်းပိုက်ထားလျက်ရှိနေသည်။
ယခုနှစ် မိုးခေါင်ရေရှားမှုကြောင့် ပြည်သူအများ နေရပ်ရွှေ့ပြောင်းရနှုန်းသည် တာလီဘန်နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် ရွှေ့ပြောင်းရနှုန်းကိုပင် ကျော်လွန်လာနေကြောင်း ကုလသမဂ္ဂက သတိပေးသည်။
မိုးခေါင်ရေရှားဒဏ် ခံနေရသည့် အာဖဂန်ပြည်သူ ၂ ဒသမ ၂ သန်းကို ကူညီရန် ကုလသမဂ္ဂက ဒေါ်လာ ၃၄ ဒသမ ၆ သန်း လျာထားကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့သည် မိုးခေါင်ရေရှား ဒုက္ခကြုံနေရသူများ စားသောက်စရာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ငွေကြေးများ ဝေငှပေးလျက်ရှိနေသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် အာဖဂန်အတွက် အဓိက စီးပွားရေးဖြစ်ရာ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများလည်း ပျက်စီးခဲ့ရသလို၊ လယ်သမားများသည် သက်ရှင်ရပ်တည်ရေးအတွက် လယ်ယာသုံး တိရစ္ဆာန်များကို ထုတ်ရောင်းနေရသဖြင့် စိုက်ပျိုးရေ အခြေခံများပါ ပျက်စီးရလျက်ရှိကြောင်း ကုလသမဂ္ဂက သတိပေး ထောက်ပြထားသည်။

















