ဆော်ဒီဂျာနယ်လစ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျဘုရင်မိသားစုကို အပြစ်တင်နေကြခြင်းကို သတိကြီးစွာတုံ့ပြန်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၄င်းတော်ဝင်မိသားစုသည် အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်မချင်း အပြစ်ရှိသကဲ့သို့ပြောဆိုခံနေရကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
အေပီသတင်းထောက်များနှင့်တွေ့ဆုံရာတွင် သမ္မတထရမ့်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ခါရှောဂီဘာဖြစ်သွားသနည်းဆိုသည်ကို ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆဲလ်မန်က မသိဟုဆိုကြောင်းလည်း ပြောဆိုသည်။
တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း ပျောက်ဆုံးခဲ့ပြီး အသတ်ခံရသည်ဟုယူဆရသော ဆော်ဒီဂျာနယ်လစ် ခါရှောဂီသည် ရုံးအတွင်းမှ ဘေးကင်းစွာပြန်ထွက်သွားကြောင်း ဆော်ဒီတို့က ပြောဆိုထားသည်။
တူရကီအာဏာပိုင်များကမူ ကောင်စစ်ရုံးအတွင်း ခါရှောဂီအသတ်ခံရကြောင်း ခိုင်မာသည့်အထောက်အထား ရှိကြောင်း ပြောဆိုသည်။ နယူးယောက်တိုင်းမ်သတင်းကလည်း ခါရှောဂီပျောက်ဆုံးမှုအတွက် တူရကီတို့က သံသယမကင်းဟုဆိုသူ ၁၅ ဦးအနက် လေးဦးသည် အိမ်ရှေ့စံ ဆဲလ်မန်နှင့်ဆက်နွယ်ကြောင်း ဖော်ပြခဲ့သည်။
ခါရှောဂီပျောက်ဆုံးမှု စုံစမ်းစစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် ဆော်ဒီကို စက်မှုထိပ်သီး ခုနစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကလည်း တောင်းဆိုခဲ့သည်။
ရီယာ့ဒ်တွင် ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်သူများလည်း တိုးပွားနေရာ အောက်တိုဘာ ၁၇ ရက်၌ နိုင်ငံငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ခစ္စတင်းန်လာ့ဂရိတ်သည်လည်း ပါဝင်လာသည်။
၇၃ နှစ်ကြာ မဟာဗျူဟာမြောက်မိတ်ဆွေအဖြစ် ရပ်တည်ခဲ့သည့် အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့သည် ခါရှောဂီ အရေးနှင့်ပတ်သက်၍ မျက်နှာမပျက်အောင် ဂရုပြုပြောဆိုနေကြကြောင်း သိရသည်။

















