ပါကစ္စတန်၌ ကလေးရှစ်ဦးကိုသတ်ဖြတ်ခဲ့သည့် အမျိုးသားအား ကြိုးပေးအဆုံးစီရင်ခဲ့

ပါကစ္စတန်၌ ကလေးရှစ်ဦးကိုသတ်ဖြတ်ခဲ့သည့် အမျိုးသားအား ကြိုးပေးအဆုံးစီရင်ခဲ့

ပါကစ္စတန်၌ ကလေးရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား အောက်တိုဘာ ၁၇ ရက် အစောပိုင်းတွင် အကျဉ်းထောင်၌ ကြိုးပေးအဆုံးစီရင်ခဲ့သည်။

မိုဟာမက် အီမရန်အား နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ရှိ အကျဉ်းထောင်တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

အီမရန်သတ်ဖြတ်ခဲ့သည့် အသက် ၇ နှစ်အရွယ် ကလေးငယ် ဇိုင်နက် အန်ဆာရီ၏ဖခင်ဖြစ်သူသည်လည်း အဆုံးစီရင်ရာတွင် ရှိနေခဲ့သည်။

အီမရန်သည် ဇိုင်နက်အား ဇန်နဝါရီတွင် လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်ခဲ့ပြီးနောက် ပန်ဂျတ်ခရိုင် ကာဆူမြို့ရှိ အမှိုက်ပုံထဲတွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့သည်။
    

အဖမ်းခံခဲ့ရပြီးနောက် အီမရန်သည် အခြားသတ်ဖြတ်မှုများကိုလည်း ဝန်ခံခဲ့ကာ တရားရုံးတစ်ရုံးက ၎င်းကို သေဒဏ်ချမှတ်ခဲ့သည်။ အခြားတရားရုံးများကလည်း ယင်းချမှတ်ထားသည့် သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့သည်။ အရုဏ်မတက်မီတွင် အီမရန်အား ကြိုးစင်သို့ခေါ်သွားခဲ့ပြီး တရားသူကြီးတစ်ဦးနှင့် ဆရာဝန်တစ်ဦးတို့ရှေ့မှောက်တွင် ကြိုးပေးအဆုံးစီရင်ခဲ့ကြောင်း ဒေသဆိုင်ရာရဲအရာရှိ မိုဟာမက် အက်ဖ်ဇယ်ကပြောဆိုခဲ့သည်။

ဇိုင်နက်၏ဖခင် မိုဟာမက် အာမင် အန်ဆာရီသည်လည်း ကြိုးပမ်းမှုကို ကြည့်ရှုခွင့်ရရှိခဲ့သည်။
    

အခြားသူများ စိုးရိမ်ကြောက်လန့်ပြီး ရာဇဝတ်မှုများ မကျူးလွန်စေရန်အတွက် အီမရန်ကို လူမြင်ကွင်းတွင် ကြိုးပေးရန် အန်ဆာရီက တိုက်တွန်းပြောဆိုခဲ့သော်လည်း ယခုအပတ်တွင် တရားသူကြီးများက အန်ဆာရီ၏တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကျွန်တော့်သမီး ပြန်အသက်ရှင်လာမှာမဟုတ်ပေမယ့် တရားမျှတမှုကိုရရှိလို့ ကျေနပ်ပါတယ် ဟု ၎င်းကပြောဆိုခဲ့သည်။
    

အာဏာပိုင်များသည် အီမရန်၏ရုပ်အလောင်းကို မိသားစုဝင်များအားပေးအပ်ခဲ့ပြီး ၎င်းကို အောက်တိုဘာ ၁၇ ရက် အနှောင်းပိုင်းတွင် မြှုပ်နှံခဲ့သည်။ ဇိုင်နက် သတ်ဖြတ်ခံရမှုနှင့်ဆက်စပ်ပြီး နိုင်ငံတစ်ဝန်း ဆူပူဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး လူသတ်တရားခံကို အမြန်ဆုံးဖမ်းဆီးပေးရန် တောင်းဆိုမှုများရှိလာခဲ့သည်။
    

ဇိုင်နက်သည် နေအိမ်အနားရှိ ကုရ်အာန်လေ့လာရေးသင်တန်းတစ်ခုသို့ အသွားတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။