တရုတ်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် အသက်အာမခံငွေလိမ်လည်ထုတ်ယူရန် သေချင်ယောင် ဆောင်ခဲ့ရာမှ ၄င်း၏ဇနီးသည်က ခင်ပွန်းအမှန်ပင်သေဆုံးသည်ထင်၍ ကလေးနှစ်ဦးနှင့်အတူ သတ်သေသွားသည့်အဖြစ်ဆိုး ဖြစ်ပွားခဲ့သည်။
အသက် ၃၄ နှစ်ရှိပြီး မိသားစုအမည် ဟဲ ဟုသာသိရသည့် အမျိုးသားသည် စက်တင်ဘာ ၁၉ ရက်၌ ၄င်းငှားရမ်းထားသည့်ကားကို မြစ်ထဲ ထိုးကျပြီးနောက် အလောင်းရှာမရသည့်လူသေမှုအသွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယွမ်တစ်သန်း(အမေရိကန်ဒေါ်လာ ၁၄၅၀၀၀)တန် အသက်အာမခံအစီအစဉ်တစ်ရပ်ကို ဝယ်ယူခဲ့သည့် ၄င်းအမျိုးသားသည် ၄င်း၏အကျိုးခံစားခွင့် ဆက်ခံရမည့်သူနေရာတွင် ဇနီးသည်အမည်ကို ထည့်သွင်းခဲ့သည်။ သို့သော် အသက်အာမခံထားရှိခြင်းနှင့် သေချင်ယောင် ဆောင်မည့် အကြံအစည်ကို ဇနီးသည်ကို ပြောဆိုခဲ့ခြင်းမရှိဟုဆိုသည်။
ယင်းကြောင့် ခင်ပွန်းအမှန်တစ်ကယ် သေဆုံးပြီထင်မှတ်သည့် အသက် ၃၁ နှစ်အရွယ် ဇနီးသည်သည် လေးနှစ်အရွယ်သား၊ သုံးနှစ်ရွယ်သမီးတို့နှင့်အတူ အိမ်အနီးရှိ ရေကန်ငယ်တစ်ခုအတွင်း ခုန်ဆင်းကာ သေကြောင်းကြံစည်၍ သေဆုံးသွားခဲ့ကြကြောင်း တရုတ်အသံရေဒီယိုက ကြေညာခဲ့သည်။ အလောင်းများကို အောက်တိုဘာ ၁၁ ရက်၌ တွေ့ရှိခဲ့သည်။
ဇနီးနှင့်ကလေးများ သေဆုံးပြီးမှ ၄င်းအမျိုးသားသည် ယူနန်ပြည်နယ်၊ ဆင်ဟွာကျေးလက်ရဲဌာနတွင် လာရောက် အဖမ်းခံခဲ့သည်။ ၄င်းသည် အသက်အာမခံလိမ်လည်မှုအပြင် အခြားစွဲချက်အချို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ၄င်းသည် ချေးငွေ ဝမ် ၁၀၀၀၀၀ ကျော် အကြွေးတင်ရှိနေပြီး ယင်းချေးငွေများသည်လည်း သုံးနှစ်ရွယ်သမီးငယ်တွင် ဖြစ်ပွားနေသည့် ဝက်ရူးပြန်ရောဂါကို ကုသရန်ဖြစ်ကြောင်း သိရသည်။

















