ရုရှားသိမ်းပို်က်ထားသည့် ခရိုင်းမီးယားဒေသရှိ ကောလိပ်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားတစ်ဦးက ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့၍ အခြားကျောင်းသား ၁၇ ဦးထက်မနည်း သေဆုံးပြီး မိမိကိုယ်ကိုလည်း ပစ်ခတ်အဆုံးစီရင်သွားခဲ့သည်။
အောက်တိုဘာ ၁၇ ရက်၌ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် နောက်ထပ် ၄၀ ကျော်လည်း ဒဏ်ရာရရှိခဲ့သည်။ ပင်လယ်နက်ဆိပ်ကမ်းမြို့ ကဲ့ချ်ရှိ ကဲ့ချ်ပေါ်လီတက္ကနစ်ကောလိပ်တွင် ဖြစ်ပွားခဲ့သည့် ယင်းအဖြစ်အပျက်အသေးစိတ်ကို ရုရှား အာဏာပိုင်များက စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
ခပ်စောစောပိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ကောလိပ်ကင်တင်းန်၌ နေ့လယ်စာစားချိန်တွင် အကြမ်းဖက်မှုဟု သံသယရှိဖွယ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဗုံးဖောက်ခွဲမှုသာမက တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသည့် သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေ အချို့က ပြောဆိုသည်။
ဒေသဆိုင်ရာခေါင်းဆောင် အာ့က်စ်ယိုနော့ဗ်က ကျောင်းသားတစ်ဦးက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး ၄င်းကိုယ်၄င်းသတ်သေခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုက်ခို်က်သူသည် အသက် ၁၈ နှစ်ရွယ် ဗလာဒီဆလက်ဗ် ရိုဆလိုင်ယာကော့ဗ်ဖြစ်ကြောင်း၊ ၄င်းသည် ရိုင်ဖယ်တစ်လက်ကိုင်ဆောင်၍ ကျောင်းတွင်းဝင်ရောက်ကာ ကျောင်းသားများကို ပစ်ခတ်ခဲ့ခြင်းကို လုံခြုံရေးကင်မရာများတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ဗုံးဖောက်ခွဲဲမှုကိုလည်း ၄င်းပြုလုပ်ခြင်း ဟုတ်မဟုတ် သဲကွဲစွာမသိရသေးဘဲ ၄င်း၏အလောင်းကို ဒုတိယထပ်ရှိ စာကြည့်တိုက်အတွင်း တွေ့ရှိခဲ့သည်။
ယင်းအဖြစ်ကြောင့် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ရုရှားသိမ်းယူခဲ့သည့် ခရိုင်းမီးယားဒေသ ပင်လယ်နက် ကျွန်းဆွယ်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ရပြီဖြစ်သည်။

















