မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ကျောင်းသားအချင်းချင်း ဆိုင်ကယ် ကျော်စီးသည့် ကိစ္စ စကားများခဲ့ရာက ဓါးဖြင့်ထိုးသတ်ခဲ့သည်ဆိုမှု ကို သက်ဆိုင်ရာက ၂၄ နာရီ အတွင်းဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း အာက်တိုဘာ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၅ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး နေ ထက်လွင်မိုးခန့် သည် သူငယ်ချင်းဖြစ်သူ ဇင်မင်းသူ ၁၉နှစ် မြတ်ဘုန်းစံ ၁၉နှစ် တို့နှင့်အတူ ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ၆၉ လမ်းအတိုင်း မောင်းနှင်လာစဉ် ၆၉×သိပ္ပံလမ်းထောင့်ရှိ မီးပွိုင့်အရောက်တွင် ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၅ ဦးမှ ၄င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ကို ကျော်တက်သွားခဲ့သည်။
ထိုသို့ကျော်တက်စဉ် ထက်လွင်မိုးခန့်ကို ဆဲဆိုသဖြင့် ၎င်းတို့က ပြန်လည်ဆဲဆိုခဲ့ပြီး ၆၉×သိပ္ပံလမ်းမှ သိပ္ပံလမ်းအတိုင်း မောင်းနှင်လာစဉ် ၇၃ လမ်းမီးပွိုင့်အနီးအရောက်၌ ဆဲဆိုသွားသည့် အဆိုပါ အမျိုးသား ၅ ဦးက ထက်လွင်မိုးခန့် တို့မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်ခိုင်းပြီး အမျိုးသား ၁ ဦး က ၄င်းတို့ကိုဓါးဖြင့်ထိုးခဲ့သည်။ ထိုသို့ ဓါးဖြင့်ထိုးစဉ် မြတ်ဘုန်းစံ၌ ဝဲနံဘေးထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး ကျန်အမျိုးသား တစ်ဦးက ဇင်မင်းသူကို ဓါးဖြင့်ထိုးရာ ယာလက် ခလယ်/လက်ညှိုး ပြတ်ရှ၊ ဝမ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့ထပ်မံရရှိခဲ့သောကြောင့် အရေးယူပေးရန် မဟာအောင်မြေမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ရဲစခန်းက (ပ)၇၉၄/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
ဓါးဒဏ်ရာရရှိသူ မြတ်ဘုန်းစံမှာ အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သောကြောင့် မူလဖွင့်လှစ်ထားသည့် အမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ အရ ပြောင်းလဲအမှုဖွင့်ခဲ့သည်။
တိုင်ကြားခဲ့မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့ ဖွဲ့၍ အခင်းဖြစ်ရပ် အနီးရှိ စည်ပင်ရိပ်သာ၌ တပ်ဆင်ထားသော ၆၉လမ်း၊ သိပ္ပံလမ်းဆုံရှိ CCTV မှတ်တမ်းကို အားကြည့်ရှုခဲ့ရာ ပြစ်မှုကျူးလွန်သူများ စီးနင်းလာသည့်ဆိုင်ကယ်မှာ (၃)စီးမဟုတ်ဘဲ (၄)စီး လူ(၄)ဦးဖြစ်ကြောင်း၊ ၄င်းဆိုင်ကယ် (၄)စီးအနက်၊ ဆိုင်ကယ်(၁)စီးသာ နံပါတ်တပ်ဆင်ထားပြီး ဆိုင်ကယ် ဟွန်ဒါကလစ် နက်/နီရောင် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
မှတ်တမ်းပါ စုံစမ်းချက်များအရ အဆိုပါ ဟွန်ဒါကစလစ် ပြည့်ဖြိုးအောင်၊ နောက်ဆုံးနှစ်(IR)၊ ဆိုသူဖြစ်ကြောင်းသိရှိရပြီး ၄င်း၏နေအိမ်၌ အခင်းဖြစ်စဉ် စီးနင်းအသုံး ပြုခဲ့သည့် နံပါတ်ပြားဖြုတ် ထားသည့် အနေအထားဖြင့် သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။
ပြည်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ရဲထွန်းလင်း၊ နေဦးလှိုင်နှင့် ဘိုကီးဆိုသူတို့ ပါဝင်ကြောင်း သိရသဖြင့် မန္တလေးမြို့၊ ၆၇x၆၈၊ ၃၂x၃၃ လမ်းကြားရှိ စားသောက်ဆိုင်တစ်ခုတွင် အမှုတွင်ပါဝင်သူ အောင်မြေသာစံမြို့နယ်နေ ရဲထွန်းလင်း ၂၂ နှစ် ပုသိမ်ကြီးမြို့နယ်နေ နေဦးလှိုင် ၂၂ နှစ် တို့ (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် ရဲထွန်းလင်း ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီယာဘက်အိပ်ကပ်အတွင်းမှ အခင်း ဖြစ်အချိန်က အသုံးပြုခဲ့သည့် အရိုးအသွား (၉)လက်မ ကျော်ရှိ ဓါးသွားအလယ်တွင် လေကြောင်း ပါသည့် မောင်းချဓါး(၁)ချောင်းနှင့် အခင်း ဖြစ်စဉ် စီးနင်းခဲ့သည့် ကလစ်ဆိုင်ကယ် တို့ကို သိမ်း ဆည်းခဲ့သည်။
ဆက်လက်၍ အမှုတွင်ပါဝင်သူ သော်ဇင်လတ်(ခ)ဘိုကီး ၂၁ နှစ် ၁၉လမ်းနှင့် သံလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဆိုင်ကယ်နှင့်အတူထပ်မံ ဖမ်းဆီးခဲ့သည်။
၄င်းတို့ ထွက်ဆိုချက်များအရ အခင်းဖြစ်ပွားသည့်နေ ညပိုင်းတွင် ၆၉ လမ်း မီးပွိုင့်အနီးတွင် အမှုမှ တိုင်တန်းသူ ထက်လွင်မိုးနှင့် အဖွဲ့က ဆိုင်ကယ်ဖြင့် အရှေ့မှ ပိတ်စီးသည့် ကိစ္စနှင့်ပတ်သက်၍ ဟွန်းတီး၍ လမ်းတောင်းရာမှ အချင်းချင်း ဆဲဆိုခဲ့ကြောင်း၊ ထက်လွင်မိုးတို့အဖွဲ့မှ တစ်ဦးက “မိုက်ရင် တစ်ယောက်ချင်းထိုးမယ်” ဟု ပြောဆိုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

















