ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင်၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စရပ်များဆက်လက်ဆွေးနွေးနိုင်ရန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ နှစ်ရက်တာ အစည်းအဝေးအပြီးတွင် သဘောတူညီမှု ရယူနိုင်ခဲ့သည်။
အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ခေါင်းဆောင် ၁၀ ဦးနှင့် အင်န်စီအေစာချုပ်လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် ယင်းတွေ့ဆုံမှုကို ၁၀+၁၀ ဟု တင်စားကြပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်မှ ၁၆ အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် အဟန့်အတားဖြစ်နေသည့် ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်၊ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆွေးနွေးနိုင်ရန် အစုအဖွဲ့အသီးသီးမှ ခေါင်းဆောင်များကြား ညှိနှိုင်းရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တစ်ခါမျှမရှိခဲ့ဖူးသည့် အင်န်စီအေပြင်ပ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ခြင်းနှင့် ခေါင်းဆောင်များ စုံညီစွာ တက်ရောက်ခဲ့သည့်အတွက် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲက လူအများအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်အရ သဘောတူညီမှုရခဲ့သည့် အချက်ခုနစ်ချက်ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတိုင်မီ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရန် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များ ဆွေးနွေးရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘောတူညီမှုရရန် လိုအပ်နေသည့် ကိစ္စရပ်များကို ဖြေရှင်းကျော်လွှားရန်၊ လက်ရှိနိုင်ငံရေး ဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဆိုင်ရာ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှု စတင်ပြုလုပ်ရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် အင်န်စီအေပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
"တိုင်းပြည်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော်ရှိရမယ်ဆိုတဲ့ဟာကို အပြည့်အဝ လက်ခံလိုက်ပါတယ်" ဟု ချင်းအမျိုးသားတပ်ဦးမှ ဒုတိယ ဥက္ကဋ္ဌဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းကဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို ခေါင်းဆောင်အသီးသီးက လက်ခံခဲ့သည့်တိုင် အသေးစိတ်အချက်အလက်များကိုမူ ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်သည်။
"တစ်ခုတည်းသောတပ်မတော်ထားရှိရေး ကိစ္စက တိုင်းရင်းသားတွေဘက်က သဘောတူတယ်။ ဒါကနိုင်ငံတကာစံနှုန်းလည်းဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ထားမှာလဲဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ဆွေးနွေးရမယ်။ အင်န်စီအေစာချုပ်ထဲမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုတာ ပါတယ်။ ဆက်ညှိဖို့ လိုသေးတယ်ဆိုပြီး ကျွန်တော်တို့ သဘောတူထားတယ်" ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။
တစ်ခုတည်းသော တပ်မတော်ထားရှိရေးသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မဖြစ်မနေ ဆွေးနွေးရမည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ခေါင်းစဉ်အောက်တွင် ပါဝင်နေသည်။
"မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိက လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု (Single Army)သာ ထားရှိပါတယ်" ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မ·းကြီးမင်းအောင်လှိုင်က ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဥပဒေနှင့်အညီ ခွင့်ပြုထားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိပါက လက်နက်ကိုင်လမ်းစဉ်ကို သံယောဇဉ် ဖြတ်တောက်ရမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
"ကာကွယ်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာ ဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း အရည်အချင်း အလိုက် ရာထူး၊ နေရာတွေပေးသွားမှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးက ၎င်း၏ မိန့်ခွန်းမှတစ်ဆင့် နယ်စပ်တစ်လျှောက် အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သတင်းစကားပါးခဲ့သည်။
တစ်ခုတည်းသော တပ်မတော် ထားရှိရေးအပါအဝင် အစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စကို အချိန်များစွာယူ၍ ဆွေးနွေးရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်ရာ အင်န်စီအေစာချုပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တိုင်ပင်ရန် လိုအပ်နေသေးကြောင်း ဆွေးနွေးပွဲ တက်ရောက်ခွင့်ရသည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ပြောသည်။
"ဒီကိစ္စက အင်မတန်အရေးကြီးတဲ့အတွက်ကြောင့် အချိန်ယူရမယ်။ တစ်နိုင်ငံလုံးကိစ္စကို ဒီ ၁၀ ဖွဲ့ လောက်နဲ့ ဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဖို့အချိန် ခဏပေးပါဆိုပြီးတော့ မေတ္တာရပ်ခံတယ်" ဟု ဒေါက်တာဆလိုင်းလျံမှုန်းဆာခေါင်းက ပြောသည်။
ခွဲမထွက်ရေး စကားရပ်နှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် နားလည်လက်ခံမှုတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ကွဲလွဲချက်များရှိနေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခွဲမထွက်ရေးက အရေးကြီးသော်လည်း ခွဲထွက်စရာမလိုသည့် ပြည်ထောင်စုဖြစ်ပေါ်စေရန် အားလုံးလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းက လွန်စွာအရေးကြီးကြောင်း ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ခွဲမထွက်ရေးဆိုသည့် စကားရပ်သည် အင်န်စီအေ၏ အခြေခံမူ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူအရ မဖြစ်မနေထည့်ရမည့် သဘောတူညီချက်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချူပ်က ဒို့တာဝန်အရေးသုံးပါး၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အခြေပြုကာ အခိုင်အမာပြောဆိုခဲ့သည်။
"ခွဲမထွက်ရ" ဆိုသည့် တားမြစ်ချက်ကို ထည့်သွင်းရခြင်းမှာ အချို့အဖွဲ့အစည်းများ ပြောနေသကဲ့သို့ တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများကို မယုံကြည်၍ မဟုတ်ဘဲ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေရန်သာ ဖြစ်ကြောင်း ဗိုလ်ချုပ်မ·းကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် ခွဲမထွက်ရဆိုသောသဘောတူညီချက်နှင့်ပတ်သက်၍ဖက်ဒရယ်ဆိုင်ရာအခြေခံမူများတွင် ထည့်သင့်၊ မသင့် အငြင်းပွားနေစရာ မလိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။
ခွဲထွက်ရေး၊ မထွက်ရေးဆိုသည့် ကိစ္စရပ်သည် နိုင်ငံရေးပြဿနာများဖြစ်သည့်အပြင် အားလုံးမျှော်မှန်းနေသော အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယခုကဲ့သို ကွဲလွဲနေသည့် ယူဆချက်များအပေါ် အားလုံးလက်ခံသည့် ဘုံသဘောထားရရန် ဆွေးနွေးမှုများ ပိုမိုလိုအပ်နေဆဲဖြစ်ရာ အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့၏ ယူဆချက်ကိုသာ ဆွဲကိုင်မထားဘဲ အပြန်အလှန်ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်သူများက တုံ့ပြန်ကြသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များသည် နိုဝင်ဘာလတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စရပ်များနှင့် သက်ဆိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၏ အဆိုပြုချက်သုံးချက်ကို အဆိုပါ ဆွေးနွေးပွဲတွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။ အကယ်၍ ယင်းအချက်များအပေါ် သဘောတူညီမှု ရရှိခဲ့ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တိုးတက်မှုတစ်ခု ဖြစ်လာမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက မျှော်လင့်ထားသည်။
















