ချင်းပြည်နယ်၌ သဘာဝခရီးသွားနေရာနှင့် အပန်းဖြေဥယျာဉ် သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ တည်ဆောက်မည်

ချင်းပြည်နယ်၌ သဘာဝခရီးသွားနေရာနှင့် အပန်းဖြေဥယျာဉ် သဘာဝပတ်ဝန်းကျင်မထိခိုက်စေဘဲ တည်ဆောက်မည်

ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန် ပြည်နယ်အစိုးရက ဖော်ဆောင်လျက် ရှိရာ ခရီးသွားဝင်ရောက်မှု တိုးတက်လာသောကြောင့် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် ဖလမ်းမြို့နယ် တို့ဆုံရာ ပြည်နယ်၏ တတိယအမြင့်ဆုံး ဇိန်မှုတောင်ရှိ သဘာဝခရီးသွားနေရာနှင့် အပန်းဖြေဥယျာဉ်ကို ခရီး သွားပြည်သူများ လုပ်ငန်းခွင်နားရက်နှင့် အားလပ် ရက်များတွင် သွားရောက်အပန်းဖြေနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်မပျက်စေဘဲ တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

အရေးကြီး

"ချင်းပြည်နယ်ကို ပြည်တွင်းပြည်ပခရီးသွားဝင် ရောက်မှုတိုးတက်လာဖို့ အပန်းဖြေစခန်းတွေ၊ အရောင်း ဆိုင်တွေကိုတည်ဆောက်ပြီး ဒေသထွက်ရိုးရာပစ္စည်းနဲ့ အစားအစာ ထုတ်လုပ်ရောင်းချနိုင်အောင် လုပ်နေပါ တယ်။ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာတာနဲ့ အမျှ ဒေသခံတွေအတွက်လည်း အလုပ်အကိုင် အခွင့် အလမ်းပေါ်ထွန်းလာမှာပါ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိစေဖို့ကိုလည်း ဒေသခံတွေနဲ့ ခရီးသွား များပူးပေါင်းလုပ်ဆောင်ဖို့အရေးကြီးပါတယ်"ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဇိုဘွဲက ပြောဆိုသည်။

ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွား ၅၂၅၁ ဦးနှင့် ပြည်ပ ခရီးသွား ၁၇၆၁ ဦး၊ ၂၀၁၇ခုနှစ်တွင် ပြည်တွင်းခရီးသွား ၁၁၀၄၇ ဦးနှင့် ပြည်ပခရီးသွား ၂၄၅၄ ဦး ဝင်ရောက် ခဲ့သောကြောင့် ပြည်တွင်းပြည်ပခရီးသွားများအား ဆွဲဆောင်ပြီး သဘာဝအလှတရားများနှင့် ပြည့်နှက် နေသည့် ဇိန်မှုတောင်ကိုလည်း ခရီး သွားလုပ်ငန်း၏ နေရာဒေသအသစ်အဖြစ် အကောင်အထည်ဖော်လျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

ငှက်မျိုးစုံ

"တောင်တက်ခြင်း၊ ငှက်ကြည့်ခြင်း၊ တော တောင်သဘာဝအလှဓာတ်ပုံရိုက်ခြင်း၊ တောအတွင်း တဲထိုးပြီး စွန့်စွန့်စားစား ညအိပ်ခရီးသွားခြင်းတွေကို ဝါသနာပါတဲ့သူတွေအတွက် အထူးသင့်တော်တဲ့နေရာလည်းဖြစ်ပါတယ်။ တောင်ထိပ်မှာ ကန်ရေပြင်ရှိပြီး သမင်တွေ၊ မျောက်တွေလည်းတွေ့ရတတ်ပါတယ်။ ထူထပ်တဲ့သစ်တောတွေ၊ တောရိုင်းပန်းမျိုးစုံတွေ၊ ငှက်မျိုးစုံ ကျက်စားရာဒေသလည်းဖြစ်ပါတယ်"ဟု The Backyard ခရီးသွားလုပ်ငန်း အော်ပရေးရှင်း မန်နေဂျာ ကိုထောင်းက ပြောဆိုသည်။

ခွင့်ပြုထား

ဇိန်မှုတောင်သည် ပင်လယ်ရေမျက်နှာပြင် အမြင့် ၈၄၁၄ ပေခန့်မြင့်ပြီး ဟားခါးမြို့နယ်အတွင်း ၇၇၅၆ ဧက၊ ထန်တလန်မြို့နယ်အတွင်း ဧက ၄၀ဝ၀ ကျော် နှင့် ဖလမ်းမြို့နယ်အတွင်း ဧက ၆၀ဝ၀ ကျော် စုစု ပေါင်း ၁၉၉၃၇ ဧက ကျယ်ဝန်းသည့် သဘာဝအမျိုး သားဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ရန် ပြည် ထောင်စုအစိုးရက ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး