အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ် က နေပြည်တော် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်တိုင် ၃၁၀/၁ နှင့် ၄ ဖာလုံကြား တွင် Lexus ယာဉ်တစ်စီး လမ်းဘေးမြေသားတောင်စောင်းကို ဝင်တိုက် မိခဲ့ပြီး ယာဉ်ပေါ်ပါ လူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ချင်းပြည်နယ် နယ်စပ်ဒေသတွင် သတင်းသုံးသည့် ကျောက်ဂူဆရာတော် ဘဒ္ဒန္တဣန္ဒာ စရိယ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
''ဆရာတော်က ကျောက်ဂူဆရာတော်လို့ ပြောပါတယ်။ သက်တော် ၆၈ နှစ်ရှိပြီလို့ သိရတယ်။ ဂန့်ဂေါဘက်ကို သွားမယ်လို့သိရတယ်။ ယာဉ်ပေါ်မှာ အားလုံး ၅ ယောက်ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာ တွေရထားတယ်။ ပထမ နွားထိုးကြီးဆေးရုံကို ပို့မလိုပဲ။ နောက်တော့ မန္တလေးဆေးရုံကိုပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ လမ်းမှာဘဲ အောက်ဆီဂျင်ပေးမလို့လုပ်နေတုန်း ဆရာတော်က နံနက် ၉ နာရီ ၅၀ မှာ ပျံလွန်တော် မူသွားတယ်" ဟု ပြင်စည်မြို့နယ် ငါးတစ်ပုံရဲကင်း မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ဒဏ်ရာရရှိသူလေးဦးအနက် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ပြင်စည်ရဲစခန်းက (ပ)၁၅/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ -က အရ အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။


















