မြေစာပုံပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦးကို သေဆုံးလျက် တွေ့ရှိ

မြေစာပုံပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦးကို သေဆုံးလျက် တွေ့ရှိ

အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဖားကန့်မြို့နယ် ကယန်ကျေးရွာ အနီး တစ်သုံးလုံးကျောက်မျက်တူးဖော်ရေး လုပ်ကွက်ရှိ အမြင့်ပေ ၅၀ ခန့်ရှိ စွန်ပစ်မြေစာပုံတွင် ပြိုကျမှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက် ရှာဖွေသူတစ်ဦးကို အောက်တိုဘာ ၁၇ ရက်က သေဆုံးလျက် တွေ့ရှိ ခဲ့ကြောင်းသိရသည်။

သေဆုံးသူ၏ အလောင်းကို အောက်တို့ဘာ ၁၇ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် သက်ဆိုင်ရာနှင့်အတူ ပူးပေါင်းရှာဖွေခဲ့သူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာ အုပ်စု၊ဖြူစင် ကုန်းကျေး ရွာနေ ငြိမ်းချမ်းဇော်(ခ)အရှည်ကြီး(၃၀)နှစ်မှာ မြေစာပုံပိမိခဲ့ခြင်းဖြစ်ပြီး ငိုးပင်းကျေးရွာတာဝန်ခံ ဦးသက်နိုင်ဦးဆောင်၍ ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကုမ္ပဏီမှ ဝန်ထမ်းများနှင့် ရေမဆေးကျောက်ရှာဖွေသူများက ဝိုင်းဝန်းရှာဖွေစဉ် သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလောင်းကို မြင့်မြတ်သူလူမှုကူညီရေးအသင်းမှ  လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး  လုံးခင်းနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။