အောက်တိုဘာ တတိယပတ် ၌ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ တတိယပတ် ၁၀ ရက်အတွင်း (၄)ရက်မှ (၅)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် အောက်တိုဘာ တတိယပတ် ၁၀ ရက် (၂၀ ရက်နေ့မှ ၃၀ ရက်နေ့) အတွင်း (၂)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း မိုး / ဇလက ထုတ်ပြန်ထားသည်။
ထို့အပြင် အောက်တိုဘာ တတိယပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် ၂-ပေ မှ ၄-ပေခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့နှင့် ချောက်မြို့တို့တွင် ၁-ပေ မှ ၃-ပေခန့်၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၃-ပေမှ ၅-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် ကြောင်း ၊ အလားတူ အောက်တိုဘာ တတိယ ၁၀ ရက်ပတ်အတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၁-ပေ မှ ၃-ပေခန့်၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃-ပေ မှ ၅-ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
















