ဂျပန်က ထရမ့်ရဲ့ 'အမေရိကန်ပထမ' ဝါဒအတွက် စိတ်ပူနေတာ သိပ်တော့မထူးဆန်းဘူး။ မဟာမိတ် နှစ်နိုင်ငံတို့ရဲ့ ကာကွယ်မှုစွမ်းအား မတူညီတဲ့အခါ မှီခိုနေရတဲ့နိုင်ငံက စိတ်ပူနေရတာ သဘာဝကျတယ်။
အရှေ့အာရှမှာ အဓိကကျတဲ့ ဗျူဟာဆိုင်ရာ ပြဿနာ ဟာ တရုတ်နိုင်ငံ အင်အားကြီးထွားလာမှုဖြစ်တယ်။ လေ့လာသူတချို့က တရုတ်နိုင်ငံရဲ့ အရှေ့အာရှကို ကြီးစိုးနိုင်ဖို့ ကြိုးစားမှုကြောင့် ပဋိပက္ခတွေဖြစ်လာနိုင် တယ်လို့ဆိုတယ်။ ဥရောပနဲ့မတူဘဲ အရှေ့အာရှဟာ သမိုင်းမှာ ဘယ်တော့မှ စည်းလုံးညီညွတ်တယ်ဆိုတာ မရှိခဲ့ဘူး။
အခုတော့ သမ္မတ ထရမ့်က တရုတ်ကို ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲနေပြီး ဂျပန်ရဲ့ အမေရိကန်သို့ပို့ကုန် ပိုလျှံ ငွေကိုအဓိကထားပြီး ဂျပန်နဲ့ ဆွေးနွေးနေတယ်။ နှစ်နိုင်ငံ ဆွေးနွေးမှုတွေကြောင့် အမေရိကန်က ဂျပန်ကို မော်တော်ယာဉ်စည်းကြပ်ခွန် ကောက်မှာကို ရွှေ့ဆိုင်း ထားပေမဲ့ ဝေဖန်သူတွေက ဂျပန်ဝန်ကြီးချုပ် အာဘေးဟာ အခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိပ်သီးအစည်းအဝေးကျင်းပဖို့ ရှိနေတာကြောင့် ထရမ့်က ဂျပန်ကို ဖိအားပေးလာမှာကို စိုးရိမ်နေကြတယ်။
ဂျပန်နဲ့ တရုတ်တို့ရဲ့ အင်အားချိန်ခွင်ညှာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သိသိသာသာ ပြောင်းလဲခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်ရဲ့ စုစုပေါင်းပြည်တွင်းထွက်ကုန် တန်ဖိုး (ဂျီဒီပီ)က ဂျပန်ကို ကျော်တက်ခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်လောက်တုန်းက အမေရိကန်တွေက တရုတ်ထက် ဂျပန်ရဲ့ လွှမ်းမိုးမှုခံရမှာကို ကြောက်ခဲ့ကြ တာကို သတိရဖို့ခက်ခဲတယ်။ ဂျပန်ဦးဆောင်တဲ့ ပစိဖိတ် တပ်စုက အမေရိကန်ကို ထုတ်ပယ်ပြီး ဂျပန်နဲ့ အမေရိကန် စစ်ဖြစ်နိုင်တယ်လို့တောင် ခန့်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ သမ္မတ ကလင်တန်လက်ထက်မှာ အမေရိကန်က ဂျပန်နဲ့ မဟာမိတ်ဖြစ်မှုကို ထပ်လောင်းအတည်ပြု၊ တရုတ် ထောင်တက်လာတာကို လက်ခံပြီး ဂျပန်နိုင်ငံ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ထဲဝင်တာကို ထောက်ခံပေးခဲ့တယ်။
၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတုန်းက အမေရိကန်” ဂျပန်ဆက်ဆံရေးဟာ စစ်အေးတိုက်ပွဲအမွေအနှစ်အဖြစ် ယိုယွင်းပျက်စီးသွားမယ်လို့ ယုံကြည်ခဲ့ကြတယ်။ ကုန်သွယ်ရေးတင်းမာမှုတွေက မြင့်တက်နေခဲ့တယ်။ လွှတ်တော်အမတ် Paul Tsongas က ရွေးကောက်ပွဲဝင်ဖို့ "စစ်အေးတိုက်ပွဲက ပြီးဆုံးသွားပြီး ဂျပန်က နိုင်သွားတယ်" ဆိုတဲ့ ဆောင်ပုဒ်သုံးခဲ့တယ်။ ကလင်တန် အစိုးရဟာ အစမှာ ဂျပန်ကို ထိုးနှက်ခဲ့ပေမဲ့ နှစ်နှစ်တာဆွေးနွေးပွဲ အပြီး ၁၉၉၆ ခုနှစ်မှာ ကလင်တန်နဲ့ ဂျပန်ဝန်ကြီးချုပ် ဟာရှီမိုတိုတို့ဟာ မဟာမိတ်တွေဖြစ်ကြောင်း အခြေခံ အချက်တွေကို ကြေညာခဲ့တယ်။
ဂျပန်က သိပ်တော့ ထုတ်မပြောပေမဲ့ အမေရိကန် က တရုတ်ဘက်လှည့်သွားရင် သူချောင်ထိုးခံရမှာကို ကြောက်နေတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက မဟာမိတ်ဖြစ်တာကို အတည်ပြုဖို့ ဆွေးနွေးပွဲတွေမှာ ကျွန်တော်ပါခဲ့ရတုန်းက ကျွန်တော့်ရဲ့ ဂျပန်မိတ်ဆွေတွေက တရားဝင်အခမ်းအနားတွေမှာ တရုတ်အကြောင်း မဆွေးနွေးသလောက်ပဲ။ ဒါပေမဲ့ အရက်ဝိုင်းတွေမှာတော့ အမေရိကန်က တရုတ် အင်အားကြီးလာရင် ဂျပန်ကို လျစ်လျူရှုသွားမှာလား ဆိုတာကို ခဏခဏမေးကြတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ဂျပန်တချို့က ဂျပန်ဟာ လွတ်လပ်တဲ့ ပြည့်ဝတဲ့ စစ်အင်အားကို အသုံးပြုခွင့်ရတဲ့နိုင်ငံ ဖြစ်လာသင့်တယ်လို့ ဆွေးနွေးသင့်တယ်။ တချို့ ကျွမ်းကျင်သူတွေက ဂျပန်က နျူကလီးယားလက်နက်တွေတောင် ထုတ်သင့်တယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်တာ ပြဿနာကို ပိုရှုပ်ထွေးစေလိမ့်မယ်။ ဂျပန်ဟာ 'ပုံမှန်' နိုင်ငံတစ်နိုင်ငံ ဖြစ်လာရင်တောင် ကျန်တဲ့ တရုတ်ကို ယှဉ်နိုင်မှာမဟုတ်ဘူး။
မျက်မှောက်ခေတ်မှာတော့ ဂျပန်မှာ အမေရိကန်ရဲ့ ပစ်ပယ်မှုနဲ့ပတ်သက်ပြီး စဉ်းစားစရာ အသစ်တွေရှိနေ တယ်။ ထရမ့်ရဲ့ 'အမေရိကန် ပထမ' ပေါ်လစီဟာ မဟာမိတ်ဆက်ဆံရေးကို ခြိမ်းခြောက်နေတယ်။ ပစိဖိတ်ကုန်သွယ်ရေးအဖွဲ့ကနေ အမေရိကန် ထွက်လိုက်တာ ဂျပန်အတွက် အရမ်းနစ်နာတယ်။ အာဘေးက ပဋိပက္ခကို ရှောင်လွဲဖို့ ထရမ့်ရဲ့အတ္တကို ကျွမ်းကျွမ်းကျင်ကျင် လမ်းလွှဲနိုင်ပေမဲ့ ကြီးမားတဲ့ ကွာခြားချက်တွေ ကျန်နေ တုန်းပဲ။ ထရမ့်က သံနဲ့ အလူမီနီယံအပေါ် စည်းကြပ်ခွန် ကောက်တာဟာ အာဘေးနဲ့ ပူပန်သောကရောက်နေတဲ့ ဂျပန်တွေကို အံ့အားသင့်စေခဲ့တယ်။
ထရမ့်အစိုးရက အာရှက ကန်မဟာမိတ်တွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့ ပိုကြိုးစားသင့်ကြောင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေ တပ်စွဲထားတာရဲ့ ကုန်ကျစရိတ်ကို ပွင့်ပွင့်လင်းလင်းပြောဖို့ တိုက်တွန်းထားတယ်။ တချို့ ဆန်းစစ်သူတွေက ထရမ့်ရဲ့လုပ်ရပ်ဟာ တရုတ်ကို ရင်ဆိုင်ဖို့ ဂျပန်ကို ဖိအားပေးတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြ ပေမယ့် ဒီအချိန်မှာတော့ မဖြစ်နိုင်ဘူး။ ဒီအချက်တွေက ကန့်သတ်ချက်ရှိနေမှာဖြစ်ပြီး ဘာကြောင့်လဲဆိုတော့ ဂျပန်ဟာ တရုတ်လွှမ်းမိုးမှုအတွက် စိုးရိမ်ပူပန်နေရလို့ပါပဲ။
ဂျပန်နဲ့ တရုတ်တို့ရဲ့ အင်အားချိန်ခွင်ညှာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သိသိသာသာ ပြောင်းလဲခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ တရုတ်ရဲ့ စုစုပေါင်းပြည်တွင်းထွက်ကုန် တန်ဖိုး (ဂျီဒီပီ)က ဂျပန်ကို ကျော်တက်ခဲ့ ...
အခုအထိတော့ မဟာမိတ်ဆက်ဆံရေးက ခိုင်မြဲနေတုန်းပဲ။ ထရမ့် သမ္မတအရွေးခံရပြီးပြီးချင်းမှာပဲ အာဘေးက နယူးယော့ခ် ထရမ့်တာဝါမှာ သွားတွေ့ပြီး နောက်ပိုင်းမှာလည်း တခြားနေရာတွေမှာ သွားတွေ့ဆုံ ခဲ့တယ်။ အာဘေး”ထရမ့် ဆက်ဆံရေးကြောင့် ပင်တဂွန် ဟာ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တယ်။ မဟာမိတ်ဆက်ဆံရေးဟာ မြောက်ကိုရီးယားအရေးကြောင့် ပိုအာရုံစိုက်ခဲ့ကြရပြီး ထရမ့်က ဂျပန်ရဲ့နောက်မှာ ၁၀ဝ ရာခိုင်နှုန်းရှိတယ်ဆိုတာ ပြောခွင့်ရခဲ့တယ်။
အာဘေးနဲ့ ထရမ့် နှစ်ယောက်စလုံးက မြောက်ကိုရီး ယားကို အပြင်းထန်ဆုံး ပိတ်ဆို့ထားသင့်တယ်ဆိုတာကို သဘောတူကြတယ်။ ဒီအချိန်မှာ ဂျပန်က ပဲ့ထိန်းဒုံးကျည် စနစ်သစ်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်တယ်လို့ ကြေညာခဲ့ ပြီး ပူးတွဲထုတ်လုပ်မယ်လို့ ဆိုတယ်။ တစ်ဖက်မှာလည်း ထရမ့်က ရုတ်တရက် မြောက်ကိုရီးယားအပေါ် သဘော ထားပြောင်းသွားပြီး မြောက်ကိုရီးယားက ပစ်ရင် ဂျပန် အထိရောက်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တွေကို လျစ်လျူ ရှုထားတာကို ဂျပန်က စိုးရိမ်နေတယ်။
ထရမ့်က တာဝန်ကို ခွဲဝေယူမယ်ဆိုတဲ့ လေလုံးက လည်းကြောက်စရာပဲ။ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ ပြည်တွင်းထွက်ကုန်တန်ဖိုး တစ်ရာခိုင်နှုန်းပဲ ရှိပေမယ့် သူက ကောင်းမွန်တဲ့ အိမ်ရှင်နိုင်ငံ တစ်နိုင်ငံဖြစ်တယ်။ ဂျပန်မှာ တပ်စွဲထားတဲ့ ကန်တပ်တွေ အသုံးစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ပေးတယ်လို့ တွက်ချက်နိုင် တယ်။ ဒီတစ်နှစ်တည်းမှာပဲ ဂျပန်ဟာ အမေရိကန်နဲ့ မဟာမိတ်ဆက်ဆံရေးအတွက် စုစုပေါင်း ဒေါ်လာ ငါးဘီလျံကျော် သုံးခဲ့ပြီးပြီ။
လွန်ခဲ့တဲ့ရာစုနှစ် လေးပုံတစ်ပုံတုန်းက ကလင်တန် အစိုးရ ရိပ်မိခဲ့သလိုပဲ တရုတ်ရဲ့ အင်အားကြီးထွားလာ မှုကြောင့် အရှေ့အာရှမှာ သုံးနိုင်ငံဟာ အာဏာချိန်ခွင်ညှာ ညှိနေကြရတယ်။
ဂျပန်နဲ့ အမေရိကန်ရဲ့ မဟာမိတ်ဆက်ဆံရေး တည်မြဲရင် တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို ထိန်းညှိ ပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ထရမ့်အစိုးရက ဂျပန်နဲ့ ဆက်ဆံရေးကို ဘယ်လောက်ကောင်းကောင်း ထိန်းသိမ်း ထားနိုင်မလဲဆိုတာအပေါ် မူတည်တယ်။
(ဤဆောင်းပါးသည် Joseph S.Nye Jr., ၏ ဘာဘော်သာဖြစ်သည်။ သူသည် Harvard တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်ပြီး Is the American Century Over စာအုပ်ကို ရေးသားခဲ့သည်။) (Project Syndicate)

















