မြဝတီ ကော့ကရိတ်အာရှလမ်းပေါ်တွင် ၂၂ ဘီးယာဉ် နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိကာ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့မှု အောက်တိုဘာ ၁၈ ရက် (ယနေ့) နံနက်ပိုင်းကဖြစ်ပွားခဲ့ သည်။
ယနေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် မြဝတီ ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ်(၁၆၁)အနီး ကွင်းကလေးတံတားကွေ့ ကွမ်းခြံကွေ့ အောက်ဘက်၌ မြဝတီဘက်မှ ကော့ကရိတ်သို့ မောင်းနှင်သည့် ၂၂ ဘီးတွဲကားနှင့် ကော့ကရိတ်မှ မြဝတီဘက်သို့ မောင်းနှင်သည့် ၂၂ ဘီးကုန်တင်ယာဉ်တို့ မျက်နှာချင်း ဆိုင်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် ယာဉ်မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကာ အခင်းဖြစ်ပွားရာသို့ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကျော်သူရည်၊သင်္ဃန်းညီနောင် နယ်မြေ စခန်းမှုး ရဲအုပ် ရဲနိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊မြဝတီခရိုင်/မြို့နယ်ရှိမီးသတ်တပ်ဖွဲ့ဝင်များ၊ သင်္ကန်းညီ နောင်မီး သတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ရေယာဉ်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
"ဂက်စ်ဗူးနဲ့ မှုတ်ဆေးဗူးတွေတင်လာတဲ့ ကားနဲ့ မျက်နှာချင်းဆိုင်ဝင်စောင့်တယ်လို့ပြောတယ်။ ယာဉ် မောင်း နှစ် ယောက်နဲ့ ယာဉ်နောက်လိုက် တစ်ယောက် သေတယ်လို့ သိထားတယ်။ ကားလမ်း ပိတ် တာ ၂ မိုင်ကျော်လောက်ရှိတယ်" ဟု ကိုသက်ဦးနိုင်က ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ယနေ့ နံနက် ၁၁ နာရီ အချိန်ထိ နှစ်ဘက်ယာဉ်လမ်းကြော နှစ် မိုင်ခန့် ယာဉ်အစီးရေ ၁၀ဝ၀ နီးပါးခန့် ယာဉ်ကြောပိတ်ဆို့လျက်ရှိပြီးသက်ဆိုင်ရာက ယာဉ်ကြောရှင်းလင်းရေးအ တွက် ဆောင်ရွက် လျက်ရှိသည်။
အခင်းဖြစ်ချိန်အတွင်း မီးလောင်ဒဏ်ရာဖြင့် သေဆုံးသူ သုံးဦး၏အလောင်းများကို သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့က မြဝတီဆေးရုံကြီး ရင်ကွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆုံးရှုံးမှုတန်ဖိုးများကို တွက်ချက်၍ ယာဉ်မောင်းနှစ်ဦးကို သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


















